Home
မြန်မာသတင်း
မြန်မာအရေးအာရုံပြန်စိုက်ပြီး အရေးယူဆောင်ရွက်ရန်  ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တိုက်တွန်း
DVB
·
July 7, 2023

မြန်မာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြန်အာရုံစိုက်ကြဖို့နဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အစည်းဝေးမှာ   မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ ပက်သက်ပြီး အစီရင်ခံစာတင်သွင်း ဆွေးနွေးရာမှာ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ 

“ကျနော်တို့ အရေးတကြီးတဲ့လုပ်ရမယ့် အဆင့်ကိုရောက်ရှိနေပြီ ဖြစ်လို့ မြန်မာပြည် အကျပ်အတည်းအပေါ် ပြန်လည်အာရုံစိုက်ကြဖို့နဲ့ ပြန်လည်ထိတွေ့ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ ယုံကြည်ထားပါတယ်။ ကျနော်ဟာ ခင်ဗျားတို့ရဲ့  အရင်းအမြစ်ဖြစ်ပြီး ခင်ဗျားတို့လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ ခင်ဗျားတို့အတွက် အကူအညီဖြစ်စေမယ့် သတင်းအချက်တွေကို  ကျနော်ဆက်လက်ပြီး ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ကျနော်တို့ အတူတကွ ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းအားဖြင့်  မြန်မာ့အကျပ်အတည်းအတွက် လိုအပ်နေတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်နိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဒီအရေးယူဆောင်ရွက်မှုဟာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ရသင့်ရထိုက်တာတွေနဲ့ အံကိုက် ဖြစ်ဖို့လိုပါတယ်။"

စစ်ကောင်စီရဲ့ လက်နက်၊ ငွေကြေးနဲ့ တရားဝင်မှုတို့ကို အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယတိပြတ် ငြင်းပယ်ရမှာဖြစ်ကြောင်း၊ မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကစလို့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ အသုံးပြုခဲ့ကြောင်း၊ ဒါကြောင့် စစ်လက်နက်ပစ္စည်းတင်သွင်းမှုကိုသာ ရပ်တန့်နိုင်ခဲ့မယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ သိသိသာသာ လျော့ကျလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့နဲ့အတူ နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေကလည်း မြန်မာ့လူ့အခွင့်အရေးကိစ္စ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။ 

ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာတာ့ခ်ကတော့  “နောက်ဆုံးတင်ပြချက်အရ မြန်မာပြည်သူတွေအနေနဲ့ နောက်ထပ်ဆင်းရဲဒုက္ခတွေကို ခံနိုင်ဦးမလား ဆိုတာကတော့ မတွေးဝံ့စရာပါပဲ၊ မြန်မာနိုင်ငံဟာ ပိုမိုနက်ရှိုင်းတဲ့ အကြမ်းဖက်မှုတွေနဲ့ ကြေကွဲဖွယ်ရာအဖြစ်ထဲကို ဆက်လက်ကျရောက်နေတုန်းပါ၊ လွန်ခဲ့တဲ့ ၂နှစ်ခွဲကျော်က မြန်မာပြည်သူတွေ ကိုင်စွဲထားခဲ့တဲ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ ပိုမိုသာယာဝပြောတဲ့ အနာဂတ်ဆိုင်ရာ အကောင်းမြင်ဝါဒတွေကို မြန်မာစစ် ဗိုလ်ချုပ်တွေက ဖျောက်ဖျက်ပစ်ခဲ့တာပါ၊ အရပ်သားတွေဟာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ စစ်တပ်အာဏာပိုင်တွေရဲ့  စနစ်တကျ ထိန်းချုပ်နိုင်ရေး နည်းဗျူဟာတွေ၊ အကြောက်တရားနဲ့ ထိတ်လန့်မှုတွေ အောက်မှာ နေထိုင်ကြရတာ ဖြစ်ပါတယ်၊ မသန်စွမ်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ မွေးကင်းစ ကလေးငယ်တွေ အပါအဝင် မြန်မာပြည်သူတွေဟာ ဆိုးယုတ်လှတဲ့ အကြမ်းဖက်မှုတွေရဲ့  အပြင်းထန်ဆုံးဒဏ်ကို ကြံ့ကြံ့ခံနေရတာလည်းဖြစ်ပါတယ်၊ ဒီ အခြေအနေတွေက ထိန်းမရ၊သိမ်းမရ ဖြစ်နေပါပြီ”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့  လူပေါင်း ၃,၇၄၇ ဦးအထိ သေဆုံးခဲ့ရတဲ့ အပြင် နောက်ထပ် ၂၃,၇၄၇ ဦးပါ ဖမ်းဆီးခံထားရတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရ သိရပြီး တကယ့်လက်တွေ့မှာတော့ သေဆုံး ၊ ဒဏ်ရာရမှု အရေအတွက်ဟာ ဒီ့ထက်ပိုမိုများပြားနိုင်တယ်လို့ပြောပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း အိမ်ခြေပေါင်း ၇၀၀၀၀ ထက်မနည်းကို အာဏာသိမ်းစစ်တပ်က မီးတင်ရှို့ခဲ့တဲ့အတွက် လူဦးရေ တသန်းခွဲကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိမှုကလည်း အလွန်နည်းပါးတယ်လို့ဆိုပါတယ်။

နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို လုံခြုံရေးကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) ကအရေးယူဖို့ လွှဲပြောင်းပေးဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံတဝန်း လူပေါင်း ၁၅ သန်း ၂ သိန်းလောက်ဟာ စားနပ်ရိက္ခာနဲ့ အစာအဟာရ အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာ အကူအညီတွေပေးကြဖို့လည်း  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာတာ့ခ်က ပန်ကြားသွားပါတယ်။ 

မေလ ၁၄ ရက်က မိုခါဆိုင်ကလုန်း တိုက်ခတ်ခဲ့လို့ အကြီးအကျယ် ထိခိုက်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ခရီးသွားလာခွင့်တွေ ပိတ်ပင်တာအပါအဝင် လိုအပ်တဲ့အကဲဖြတ်မှုတွေ လွတ်လွတ်လပ်လပ်လုပ်ဖို့ စစ်တပ်က တားဆီးခဲ့ပြီး  သတင်းအချက်အလက်ရရှိဖို့ ပိတ်ဆို့မှုတွေလုပ်ခဲ့တယ်လို့  လူ့အခွင့်အရေးကော်မရှင် အကြီးအကဲကပြောပါတယ်။

မိုခါမုန်တိုင်းနဲ့ ပတ်သက်တဲ့ အကူအညီတွေထုတ်ပေးတာမှာလည်း စစ်တပ်က အားလုံးကို ဆက်လက်ထိန်းချုပ်ထားပြီး သူတို့ဆီကနေ တဆင့်ပဲ ပေးခွင့်ပြုထားတယ်လို့ဆိုပါတယ်။ မုန်တိုင်းကြောင့် ရိုဟင်ဂျာသေဆုံးသူ အရေအတွက်နဲ့ပတ်သက်ပြီးလည်း စစ်တပ်က ထုတ်ပြန်ထားတဲ့ ၁၁၆ ဦးစာရင်းနဲ့ မတူကွဲပြားတဲ့ သတင်းပေးသူကို အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်။ သေဆုံးသူအရေအတွက်ဟာ မိုများနိုင်တယ်လို့ ယုံကြည်ရပြီး သတင်းယူခွင့်မရတာကြောင့်  ရိုဟင်ဂျာတွေနဲ့ တခြားသူတွေ သေဆုံးမှု အရေအတွက်ဟာ ခုချိန်အထိ အတည်ပြုလို့ မရနိုင်ဘူးလို့ပြောပါတယ်။

လူသားချင်းစာနာမှုအကူအညီပေးသူတွေအပေါ်မှာ စစ်တပ်ရဲ့ တိုက်ရိုက်တိုက်ခိုက်မှုတွေကို အံ့ဩတုန်လှုပ်မိကြောင်း၊ လူသားချင်းစာနာမှု အကူအညီတွေ အဓိက အများဆုံးပေးနေတဲ့ ဒေသခံအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အလုပ်တွေကိုလုပ်‌ဆောင်ဖို့  အန္တရာယ်နဲ့ အကြီး အကျယ်ရင်ဆိုင်နေရပြီး စစ်တပ်အာဏာသိမ်းပြီးကတည်းက ပရဟိတ ကူညီပေးသူ  ၄၀ လောက်သေဆုံးပြီး ၂၀၀ လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို  စစ်တပ်က  တားဆီးထားတဲ့အတွက် မြန်မာနိုင်ငံ တဝန်းဒေသအတော်များများမှာ ဆေးဝါးအကူအညီတွေ မရဖြစ်တယ်လို့ဆိုပါတယ်။ 

စားသောက်ကုန် ဈေးနှုန်းတွေဟာလည်း ၂၀၂၂ ခုနှစ်မှာ ၁၇၇ ရာခိုင်နှုန်း တက်သွားပြီး မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိပေးဖို့ လိုအပ်ချက်ဟာ ဘယ်တုန်းကမှနဲ့ မတူအောင် အရေးတကြီးပိုလိုအပ်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉၃၇၇ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်း၊ လုံခြုံရေးကောင်စီ၊ အာဆီယံနဲ့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ တွေအားလုံးအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ကို သူတို့ကျူးလွန်မှုတွေအတွက် တာဝန်ယူမှုရှိလာအောင်  အစွမ်းကုန်အတတ်နိုင်ဆုံး ဖိအားပေးပြီး မြန်မာအကျပ်အတည်းကိုပြီးစီးသွားအောင် လုပ်ဆောင်ကြဖို့လည်းတိုက်တွန်းပါတယ်။

မြန်မာ့လူ့အခွင့်အရေးခြေအနေ အစီရင်ခံစာအပေါ် ဆွေးနွေးပြောဆိုရာမှာ ဥရောပသမဂ္ဂ အီးယူ အပါအဝင် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)နဲ့ အတူ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၂၆ နိုင်ငံက ပါဝင်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024