
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှာရှိတဲ့ မဒေးတောင်ရပ်တော်မူဘုရားအနီး အမှိုက်ပုံကနေ ကျပ်သန်း ၂၆၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
မသင်္ကာစရာအိတ် ၂ အိတ်တွေ့ရှိတယ်လို့ ဘုရားဂေါပကအဖွဲ့ဝင်တယောက်က အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာ သတင်းပို့တာကြောင့် သွားရောက်စစ်ဆေးခဲ့ရာမှာ ဆာလာအိတ်တွေထဲကနေ WY/R စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀,၀၀၀ ပြား သိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။
အဲဒီဆေးပြားတွေရဲ့ ကာလတန်ဖိုးဟာ ကျပ်သန်းပေါင်း ၂၆၀၀ ကျော် ရှိတယ်လို့ခန့်မှန်းထားပြီး ဂျိတ္တောနယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဝါးအက်ဥပဒေပုဒ်မနဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။