
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ခုလိုဖမ်းဆီးရမိမှုဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ခရိုင်တခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်း ကော့ဇ်ဘဇားခရိုင် နေရာ ၂ ခုမှာ သီးခြားဖမ်းမိခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး ဖိုက်ဇာ ရာမန်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်လာသူ ၂ ယောက်ဟာ မြန်မာဘက်ကနေ နတ်မြစ်ကို ကူးဖြတ်ပြီးတော့ နိုင်ငံတွင်းဝင်ရောက်လာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ချိန်မှာတော့ မြန်မာဘက်ကို ပြန်လည်ထွက်ပြေးသွားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါပေမဲ့ သူတို့နဲ့အတူ ပလတ်စတစ်အိတ်ထဲမှာ ထည့်သွင်း သယ်ဆောင်လာခဲ့တဲ့ ခရစ္စတယ် မက်သဖက်တမင်းအိုက်စ် မူးယစ်ဆေးပြား(ယာဘ) အလုံး ၃၀,၀၀၀ ကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဟာ ဒီအရင် အောက်တိုဘာ ၆ ရက်တုန်းကလည်း ယာဘမူးယစ်ဆေးပြား အလုံး ၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးမှု ၂ ခုပေါင်းမှာ တန်ကြေးအမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
အဆိုပါ ဖမ်းဆီးရမိမှုမှာတော့ တက်ခ်နာ့ဖ်ဒေသတွင်းက စစ်ဆေးရေးဂိတ်တခုမှာ မှောင်ခိုသမား ၂ ယောက်ကို စစ်ဆေးဖို့ အချက်ပြခဲ့ပေမယ့် မူးယစ်ဆေးပြားတွေကိုသာ ဖမ်းဆီးရမိခဲ့ပြီး သူတို့ကိုတော့ မဖမ်းဆီးနိုင်ခဲ့ဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးတွေရဲ့ တန်ကြေးသတ်မှတ်ချက်ကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံတကာနဲ့ ပြည်တွင်းဈေးကွက်တွေကို အကဲဖြတ်ပြီးနောက် မူးယစ်ဆေးဝါးတန်ဖိုး ဘယ်လောက်ရှိနိုင်တယ် ဆိုတာကို ဆုံးဖြတ်တယ်လို့ ဒုဗိုလ်မှူးကြီး ဖိုက်ဇာက ပြောပါတယ်။
Ref-Yenisafak