Home
ဆောင်းပါး
လူထုဆန္ဒကို ဥပေက္ခာပြုထားတဲ့ တွေ့ဆုံဆွေးနွေးရေး
DVB
·
February 27, 2022

မြန်မာ့နိုင်ငံရေးကို လက်တွေ့မျက်တွေ့ကျကျ အဖြေရှာမယ်ဆိုရင် “ဘယ်အချိန် ငြိမ်းချမ်းရေးရမလဲ” ဆိုတဲ့ အမေးနဲ့ စတင်ရမှာပဲ။ ဒါဟာ လက်တွေ့အကျဆုံး မြန်မာလူထုလိုအပ်ချက်တခုပဲ ဖြစ်တယ်။ ဘယ်အချိန် ငြိမ်းချမ်းရေးရမလဲဆိုရင် (၁) စစ်တပ်ဟာ နိုင်ငံရေးက ဆုတ်ခွာဖယ်ကြဉ်တဲ့နေ့။ (၂) ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တဲ့နေ့တို့ဟာ အခြေခံအကျဆုံးအချက်ဖြစ်တယ်ဆိုတာ အားလုံး ခံစားသိရှိနားလည်နေပြီ ဖြစ်တယ်။

နံပါတ် (၁) ဖြစ်တဲ့ ‘စစ်တပ်ဟာ နိုင်ငံရေးကနေဖယ်ခွာသွားရေး’ ဆိုတာကတော့ လွယ်လွယ်နဲ့ ဖြစ်လာနိုင်တာတော့ မဟုတ်ဘူး။ စစ်တပ် နိုင်ငံရေးကနေ ဖယ်ခွာသွားရေးအတွက် ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြဖူးတယ်။ အခုထိတော့ စစ်တပ်ဟာ လူထုနိုင်ငံရေးအပေါ် လက်ဝါးကြီးအုပ်ထားဆဲ ဖြစ်တယ်။ ဖယ်ခွာဖို့ စိတ်ကူးလုံးဝမရှိတာ အသေအချာပဲ။ စစ်တပ်ဟာ နိုင်ငံရေးကနေ ဖယ်ခွာသွားဖို့အတွက်ကတော့ နည်လမ်းနှစ်သွယ်ပဲ ရှိတယ်။ ပထမနည်းလမ်းက ‘စေ့စပ်ဆွေးနွေး အဖြေရှာရေး’ ဖြစ်ပြီး ဒုတိယလမ်းသွယ်က ‘စစ်အာဏာရှင်တပ်ကို အမြစ်ဖြတ်ရေး’ တို့ ဖြစ်တယ်။ 

ပထမလမ်းသွယ်ဖြစ်တဲ့ စေ့စပ်ညှိနှိုင်းရေးလမ်းကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြတယ်။ ၁၉၈၉ ခုနှစ် ပါတီတွေ ဖွဲ့ခွင့်ရချိန်မှာလည်း ရင်ကြားစေ့ရေးမူချပြီး လုပ်ခဲ့တယ်။ ပါတီအချို့ကလွဲပြီး အားလုံးနီးပါး အဲဒီမူကို လက်ခံခဲ့ကြတယ်။ ဦးနုကတော့ ဖဆပလကာလကတည်းက ‘သင်းပုန်းချေရေးမူ’ ကို ဆုပ်ကိုင်အဖြရှာခဲ့တယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ဒီမူနဲ့ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ NLD အုပ်ချုပ်ခွင့်ရချိန်မှာလည်း ဒီမူကိုပဲ ကျင့်သုံးခဲ့ကြတယ်။ အောင်မြင်ခဲ့သလား ဆိုတာကတော့ ဗမာပြည်လူထုကိုယ်တိုင် သိတာမို့ အထူးပြောစရာလိုမယ်မဟုတ်။

ဖဆပလ ကာလတလျှောက်ကနေ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတိုင်း ရင်ကြားစေ့ရေး စေ့စပ်ဆွေးနွေးရေးဆိုတဲ့ စကားလုံးတွေသုံးပြီး စစ်တပ်ကို ချော့မော့ပြီး ဆွေးနွေးရေးလမ်းပေါ် ခေါ်ကြည့်ခဲ့ကြတယ်။

၁၉၈၈ အာဏာသိမ်းပြီးကတည်းကလည်း ရင်ကြားစေ့ရေးဆိုပြီး တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဘက်ပါတီ အဖွဲ့အစည်းတွေက ကမ်းလှမ်းခဲ့ပေမဲ့ စစ်တပ်ကတော့ ‘ရွှေလက်နဲ့ ခေါ်လည်းမလာ’ ဖြစ်ခဲ့တယ်။ နဝတ၊ နအဖကာလ တလျှောက်လုံးလည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် ကမ်းလှမ်းခဲ့တာပဲ။

၂၀၀၈ ခြေဥအတည်ပြုပြီး ရွေးကောက်ပွဲ ကျင်းပပြီးနောက်လည်း စေ့စပ်ဆွေးနွေးရေးဆိုတဲ့ စကားလုံး သုံးပြီး ခေါ်ခဲ့တာပဲ။ စစ်တပ်ကတော့ တုတ်တုတ်မျှ မလှုပ်ခဲ့ပါဘူး။ ကမ်းလင့်လာတဲ့လက်ကို မသိကျိုးကျွံပြုမြဲပြုခဲ့တာပါပဲ။ ဒါဟာ မြန်မာစစ်တပ်ရဲ့ ပကတိဖြစ်နေတဲ့ အခြေအနေပါ။ ဒီလိုအခြေနေမှာ အာစီယံအသိုက်အဝန်းကလည်း စေ့စပ်ဆွေးနွေးရေးလိုင်းကို တင်လာသလို ကမ္ဘာနိုင်ငံကြီးတွေကလည်း စေ့စပ်ဆွေးနွေးရေးလိုင်းပေါ်ကိုပဲ ဇွတ်ဆွဲတင်နေတာကို တွေ့လာရတယ်။ အဲဒီဖြေရှင်းချက်ဟာ လက်ရှိအနေအထားအရ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီပါရဲ့လားဆိုတာ ပြန်ငဲ့စောင်းကြည့်ဖို့ လိုပါလိမ့်မယ်။

အရင်က မြန်မာ့နိုင်ငံရေးခရီးတလျှောက်လုံး နိုင်ငံရေးဦးဆောင်သူတို့ ချမှတ်လုပ်ဆောင်ခဲ့ကြတဲ့ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေသာမက ပြည်သူတွေပါ ဝေဝါးသွားခဲ့ကြတယ်။ လက်ရှိ မြေပြင်အခြေအနေကို ပကတိအမြင်အတိုင်း ကြည့်ရင် အရင်ကလို အတွေးအခေါ်ရှုပ်ထွေးမှု မရှိကြတော့ဘဲ မြန်မာ့စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအပေါ် တလျှောက်လုံး လက်ဝါးကြီးအုပ် ဖိနှိပ်ချုပ်ချယ်ပြီး စိတ်တိုင်းကျ ဗိုလ်ကျလွှမ်းမိုးခဲ့တဲ့ ‘စစ်အာဏာသိမ်းအုပ်စု အပြီးပိုင်ချုပ်ငြိမ်းမှ ဖြစ်တော့မယ်လို့ သိမြင်နားလည်လာခဲ့ကြပါတော့တယ်။ တပြိုင်တည်း စစ်တပ်ဟာ နိုင်ငံရေးကနေ အပြီးအပိုင် ဆုတ်ခွာခြင်း မရှိသေးသမျှ မြန်မာပြည်သူတွေဟာ စစ်ကျွန်ဘဝက မလွတ်မြောက်နိုင်ဘူးလို့ နားလည်လာခဲ့ကြပါတော့တယ်။

ဒါ့အပြင် တချိန်က စစ်တပ်က ဝါဒဖြန့်ခဲ့တဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ခြင်းပဲဆိုတဲ့ မှားယွင်းစွာ သိနားလည်ခဲ့ကြတဲ့အတွက် နိုင်ငံကို ဖက်ဒရယ်ကျကျ တည်ဆောက်ဖို့ အဟန့်အတားဖြစ်ခဲ့တယ်။ ဒီနေ့ လူငယ်ထုနဲ့ နိုင်ငံရေးသမားတွေဟာ မှားယွင်းတဲ့ ဝါဒဖြန့်မှုကနေ ရုန်းထွက်နိုင်ခဲ့ကြပြီး ဖက်ဒရယ်ဒီမိုကရေစီလမ်းနဲ့သာ ငြိမ်းချမ်းတဲ့နိုင်င်ငံသစ်တခုကို ရောက်ရှိလာနိုင်မယ်ဆိုတဲ့ အသိဟာ ပိုခိုင်မာလာတာကို တွေ့ရတယ်။

မြန်မာပြည်သူတွေရဲ့ လက်ရှိအခြေအနေရဲ့ ပကတိအနေအထားအရ ကြည့်ရင် လူမျိုး လက်နက်ကိုင်သာမက တနိုင်ငံလုံးဒေသအနှံ့ လက်နက်ကိုင်တိုက်ပွဲနဲ့ ဆန္ဒပြပွဲဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြဆဲ ဖြစ်တယ်။ ဒါတွေအားလုံးကတော့ စစ်အာဏာရှင်ကို ပြည်သူအများစု မလိုလားတာကို ‌ဖော်ပြနေတာ ဖြစ်တယ်။ ရရာလက်နက်ကို ဆွဲကိုင်ရင်း ခေတ်မီလက်နက်အပြည့်နဲ့ စုစည်းထားတဲ့ စစ်တပ်တခုကို တော်လှန်ရတာဟာ အလွန်ခက်ခဲနိုင်ကြောင်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်သားတိုင်း မသိလို့မှ မဟုတ်။ သိသိနဲ့ တော်လှန်နေကြတာ။ စစ်တပ်ရဲ့ အနိုင်ကျင့် လွှမ်းမိုးမှုဒဏ်ကို မခံနိုင်တဲ့အဆုံးမှာ လက်နက်ကိုင်လမ်းပေါ် လျှောက်ခဲ့ကြရတာပဲ ဖြစ်တယ်။

တိုင်းရင်းသားတွေဘက် ပြန်ငဲ့ကြည့်တော့လည်း ဖက်ဒရယ်ရရှိရေး အခြေခံစိတ်နဲ့ လက်နက်ကိုင်ခဲ့ကြတယ်။  ဒါပေမဲ့ စစ်တပ်ကတော့ သူတို့တလျှောက်လုံး ဆုပ်ကိုင်ထားခဲ့တဲ့ မဟာဗမာကြီးစိုးရေးနဲ့ နိုင်ငံတော်ကို စစ်တပ်က အာဏာချုပ်ကိုင်ထားနိုင်ရေးကိုပဲ အထူးသတိထား လုပ်ဆောင်ခဲ့တယ်။ သာဓကအနေနဲ့ ကြည့်ကြည့်ရင် ၂၀၀၈ အခြေခံဥပဒေက သက်သေခံနေတယ်။ လူထုထံ အာဏာပေးအပ်ရေးမှာ ၂၀၀၈ ခြေ/ဥ နဲ့ ဈေးဆစ်ပြီး စစ်တပ်ချုပ်ကိုင်မှုအောက်မှာ ထားရှိခဲ့တာကို ဒီကနေ့ တော်လှန်နေသူအားလုံးအသိ ဖြစ်တယ်။ 

NCA လို့ လူသိများတဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးဆိုင်ရာ သဘောတူစာချုပ်ဆိုတာလည်း စစ်တပ် ချုပ်ကိုင်မှုကနေ မလွတ်မြောက်နိုင်တဲ့ စာချုပ်ပဲ ဖြစ်တယ်။ ဒါကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သိကြပေမဲ့ ငြိမ်းချမ်းချင်တဲ့စိတ်နဲ့ မျက်စိမှိတ် လက်ခံခဲ့ကြတာပဲ ဖြစ်တယ်။ တချို့ကတော့ တဦးချင်းအကျိုးစီးပွားအရ မလွန်ဆန်နိုင်ဘဲ စစ်အာဏာရှင်နဲ့အတူ ရပ်တည်လာတာလည်း တွေ့နေရတယ်။ ‘နွားနဲ့ ကျွဲ’ မခွဲခြားတတ်တဲ့သူလည်း ရှိတတ်တာလည်း လောကသဘာဝတခုလိုပဲမို့ အထွေအထူးတော့ ပြောစရာမလိုပေဘူးပေါ့။

တကယ်တော့ ‘စစ်အာဏာရှင်က လုပ်ပေးတဲ့ ငြိမ်းချမ်းရေးဆိုတာ နွားဖြူနဲ့ နွားနက် နှစ်ကောင်ကို နားဖားကြိုးချင်း ပေါင်းချည်နှောင်ထားတဲ့ ကြိုးတချောင်းပါပဲ။’ ဒီထက်မပိုပါဘူး။ စစ်အာဏာရှင် လိုသလို ဆွဲယူတဲ့နောက် မမှိတ်မသုန် မငြင်းမဆန်လိုက်ရမယ့် ငြိမ်းချမ်းရေးကြိုးတချောင်းဆိုတာ NCA လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာအပစ်ရပ် စာချုပ်တခုပဲပေါ့။ အဲဒီကြိုးနဲ့တော့ ပြည်သူလူထု လိုလားတောင့်တကြတဲ့ ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးနေဦးမှာပါပဲ။ ဒါကြောင့်လည်း စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးရေးကို ငြင်းဆန်ပြီး ဒုတိယလမ်းဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးကို လုပ်ဆောင်ကြဖို့ လူငယ်ထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဆုံးဖြတ် တိုက်ပွဲဝင်ခဲ့ကြတာပဲ ဖြစ်တယ်။

ဒီလမ်းကတော့ ကြမ်းတမ်းမယ်ခက်ခဲမယ်မယ်ဆိုတာ မသိ မဟုတ်။ သိခဲ့ပြီး ဖြစ်တယ်။ ဒီလမ်း အောင်နိုင်ရေးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သွေးစည်းညီညွတ်မှုအပေါ် မူတည်နေတယ်။ တပြိုင်တည်း လှုပ်ရှားနိုင်မှ ဖြစ်မှာပါ။ တနေရာက တိုက်ပွဲဝင်ပြီး ကျန်နေရာတွေက ငြိမ်နေခဲ့ရင် အရင်က စစ်ပွဲတွေလိုပဲ ရန်သူ စစ်အာဏာရှင်အလိုကျ ဖြစ်သွားနိုင်တယ်။ အခု ပြောနေကြတဲ့ Chain of command ဆိုတာ အဲ့သလို အခြေအနေအတွက် လိုအပ်ချက်တခုကို ပြောနေကြတာပါ။ 

Chain of command ကို သူ့တပ်ကို ကိုယ့်တပ်က လွှမ်းမိုးချုပ်ကိုင်ရေးလို့ မြင်နေရင် မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာမယ်။ အဲဒီလိုဆိုရင် နွေဦးတော်လှန်ရေးဟာ မလိုအပ်ဘဲ အချိန်ပိုကြာသွားနိုင်တယ်။ ဒါကြောင့် စုစည်းညီညွတ်တဲ့ တိုက်ပွဲပုံသဏ္ဌာန်ပေါ်ရေးကိုပဲ ဆိုလိုတာလို့ မြင်ဖို့လိုတယ်။ ရန်သူတပ်ကို အောင်မြင်ဖို့ဆိုရင် နွေဦးတော်လှန်ရေးအဖွဲ့တွေအားလုံး စုစည်းညီညွတ်ဖို့နဲ့ လူ၊ လက်နက်၊ ရိက္ခာ ‘ဘယ်လောက် ဖြည့်ဆည်းနိုင်မလဲ’ ဆိုတဲ့အချက်က အဆုံးအဖြတ်ပါပဲ။ လက်နက်ရိက္ခာ ထောက်ပံ့နိုင်ရေသူက ထောက်ပံ့ပေးဖို့ လိုပါမယ်။

စစ်ပွဲအချိန်ကြာတာနဲ့အမျှ ဘဏ္ဍာရိက္ခာ၊ လက်နက်အင်အားသာလွန်သူက အချိန်ကြာကြာ တောင့်ခံနိုင်တယ်လို့ ကမ္ဘာစစ်ပွဲတွေက သက်သေပြခဲ့ပြီးပြီ။ ဒါကြောင့် ပြည်တွင်းစစ် အမြန်ဆုံး အဆုံးသတ်ပြီး စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် ပြည်သူတရပ်လုံး ကျရာတာဝန်ကနေ လက်တွဲညီညီ ပါဝင်ရေးဟာ လိုအပ်ချက်တခု ဖြစ်တယ်။ ဒီလမ်းကို ရွေးခဲ့ကြပြီးပြီမို့ ကိုယ်ရွေးချယ်တဲ့လမ်းအတိုင်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ဆိုတာ ပြည်သူ့အား ပြည်တွင်းမှာသာရှိတယ်ဆိုတဲ့ စကားအတိုင်း ညီညာဖြဖြ ရုန်းကြွကြဖို့ လိုတယ်။

လက်ရှိ မြန်မာနိုင်ငံအခြေနေကြည့်ရင် စစ်အာဏာရှင်ဘက်ကလည်း နောက်မဆုတ်နိုင်သလို ပြည်သူလူထုဘက်ကလည်း ရှေ့တလှမ်းတိုးဖို့ပဲ တာဆူနေတာကို တွေ့လာရတယ်။ မြန်မာလူထု အမြင်ကတော့ ‘စေ့စပ်ဆွေးနွေးလိုက်၊ ပြေလည်သွားလိုက်၊ စစ်တပ်က တကျော့ပြန် အာဏာသိမ်းလိုက်’ ဆိုတဲ့ စက်ဝိုင်းထဲက မထွက်နိုင်သေးသ၍ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ နောက်ကျကျန်နေဦးမှာပဲ ဖြစ်တယ်။

ဒီလို အခြေနေဆိုးတွေကို ကြုံတွေ့ဖြတ်ကျော်ခဲ့ရဖူးတဲ့ မြန်မာပြည်သူလူထုဆန္ဒက ‘အာဏာရှင် အမြစ်ပြတ်ရေး’ ကိုပဲ လိုလားနေတာ ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ပြည်သူများ လိုလားတောင့်တဲ့ ‘ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

နိုင်ငံတကာနဲ့ အာဆီယံတို့ ပြောနေတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဟာ ပြည်သူလူထုဆန္ဒနဲ့ အလှမ်းဝေးနေသေးတယ်လို့ ထင်မြင်မိကြောင်းပါ။ 

ဂန္ထဝင်မောင်ထူး 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024