Home
မေးမြန်းခန်း
“တိုင်းပြည်ကို ကျရှုံးအောင် လုပ်နေတာက စစ်တပ်ပါ” အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်
DVB
·
August 30, 2023

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လမှာ စာရေးသူ စကော့မာစီရယ်ရဲ့  "Imperfect Partners" ဆိုတဲ့ စာအုပ်ထွက်ရှိလာခဲ့ပါတယ်။ ဒီစာအုပ်ကိုရေးထားတဲ့ စာရေးသူ စကော့မာစီရယ်ကတော့  ပြီးခဲ့တဲ့ NLD အစိုးရလက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့  ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာတော့  မြန်မာနိုင်ငံအကြောင်း တခုတည်းကိုပဲဖော်ပြထားတာမျိုးတော့ မဟုတ်ပါဘူး။ အရှေ့တောင်အာရှက နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ က‌‌‌မ္ဘောဒီးယား၊ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေနဲ့  ပတ်သက်တဲ့ သူ့ရဲ့လေ့လာတွေ့ရှိချက်တွေကိုပါ  ရေးသားဖော်ပြထားတာ ဖတ်ရှုရပါတယ်။ ဒီအထဲက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကာလအခြေအနေတွေ၊ အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီးကာလအခြေအနေတွေ၊ မြန်မာနိုင်ငံမှာ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေနဲ့ သူ့ရဲ့ အမြင်တွေကို ဒီဗွီဘီသတင်းဌာနမှ မယမင်းမြတ်အေးက  သံအမတ်ကြီးဟောင်း စကော့မာစီရယ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ) 

မေး။   သံအမတ်ကြီးရှင့်၊ ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ တကယ့်ကိုတန်ဖိုးရှိတဲ့ အသိအမြင်တွေ ရရှိပါတယ်။ ဒါပေမဲ့လည်း ထပ်ပြီးမေးချင်တဲ့မေးခွန်းလေးတွေလည်းရှိပါသေးတယ်။ ပထမဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စခဲ့တဲ့ပြုပြုပြောင်းလဲရေး ကိစ္စတွေပါ။ ကျမဒီစာအုပ်ကိုဖတ်တဲ့အချိန်မှာ သံအမတ်ကြီးကိုယ်တိုင်က မြန်မာ့ဒီမိုကရေစီ  ပြုပြောင်းလဲမှုကို ထောက်ခံခဲ့တယ်၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းတဲ့ ( dialogue) နည်းလမ်းနဲ့ သွားနိုင်ဖို့နဲ့ တွန်းအားပေးခဲ့တယ်ဆိုတာကို သတိထားမိပါတယ်။ ဘာကြောင့် သံအမတ်ကြီးက ဒီလို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်တယ်လို့ မြင်ခဲ့တာပါလဲ။

ဖြေ။ “ကျနော်တို့ အမေရိကန်တွေက နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံအကြောင်းကို စိတ်ဝင်စားကြပါတယ်။ စစ်အာဏာရှင်တွေ အာဏာရှင်တစ်ပိုင်းအစိုးရတွေအောက်မှာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြတာတာကို  တွေ့မြင်နေရလို့ပါ။ ဒါပေမဲ့ သိန်းစိန်အစိုးရလက်ထက်မှာတော့ ပိုပြီးလွတ်လပ်ပွင့်လင်းလာတဲ့အနေအထားကို တွေ့မြင်ရပါတယ်။ အဲဒါကတော့ ၂၀၁၁- ၂၀၁၂ လောက်ကာလတွေပေါ့။ ဒါက သိပ်အံဩစရာကောင်းပါတယ်။ အစပိုင်းမှာ အမေရိကန်မှာရှိတဲ့ ကျနော်အပါအဝင် အစိုးရထဲက ပုဂ္ဂိုလ်တွေတောင် သိပ်မယုံကြည်ချင်ကြပါဘူး။ ဒီအပေါ်မှာ သံသယရှိခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ ဆင်ဆာကင်းလွတ်ခွင့်တွေပေးတာ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကပြန်လွှတ်ပေးတာ၊ တခြားနိုင်ငံရေးပါတီတွေကိုလည်း ဖွဲ့စည်းခွင့်တွေပေးတာ ဒါတွေကိုမြင်ရတော့ ပြုပြုပြောင်းလဲရေးဘက်ကို သွားတော့မယ်ဆိုတဲ့ အခင်းအကျင်းမျိုးကို မြင်လာရပါတယ်။  ဒီလို အခြေအနေအမျိုးက တကယ်လည်း ကျနော်တို့ တွေ့မြင်လိုတဲ့အခြေအနေမျိုးပါ။ မြန်မာနိုင်ငံဟာ အမေရိကန်အတွက် မဟာဗျူဟာအရ အရေးပါလို့ဆိုတာမျိုးထက် မြန်မာနိုင်ငံသူ၊  နိုင်ငံသားတွေ တကယ်ကိုလွတ်လပ်ခြင်းရဲ့ အရသာကို ခံစားခွင့်ရတာမျိုးကို မြင်တွေ့ချင်တာပါ။ အဲဒီအချိန်တုန်းက သမ္မတအိုဘားမားလက်ထက်ပါ။ အိုဘားမား အစိုးရကလည်း ဒါဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပြုပြုပြောင်းလဲရေးကို အမေရိကန်အနေနဲ့  ထောက်ခံအားပေးမယ်လို့  ဆုံးဖြတ်ခဲ့ကြ ပါတယ်။ အမှန်တော့ ကျနော်တို့ကိုယ်တိုင်လည်း  ဒီလိုအနေအထားတစ်ခုဖြစ်လာအောင်  ဖန်တီးမယူနိုင်ပါဘူး။ ဒါပေမဲ့ ဒီလို ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ကိုတော့ ကူညီနိုင်ပါတယ်။ ဒါကြောင့်လည်း တတ်နိုင်သလောက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါနဲ့ သိန်းစိန်အစိုးရ တက်လာတဲ့အချိန်မှာ ပြဿနာတွေ အထိုက်အလျှောက် ရှိနေသေးတယ်ဆိုပေမဲ့ ဒီပြုပြင်ပြောင်းလဲရေး (Reform)ကို အားပေးထောက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း လိုအပ်တဲ့အကူအညီတွေ၊ အားပေးထောက်ခံမှုတွေကို အပြည့်အဝပေးခဲ့ပါတယ်။ ကျနော်အနေနဲ့ ဒါကို  မှန်ကန်တဲ့လုပ်ရပ်လို့လည်းမြင်ပါတယ်။”

မေး။ ပြောရရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ လူတွေဟာဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ခံစားကြရပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီစနစ်ကို မြန်မာတွေ တန်ဖိုးထား မြတ်နိုးကြပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့စဉ်က ပေးတဲ့ကတိတွေကို မတည်ဘဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ အာဏာသိမ်းယူခဲ့ပါတယ်။ ဒီလို အာဏာသိမ်းမှုနဲ့ ပတ်သက်ရင် တချို့ကကြိုသိနေကြတာမျိုးတောင်ရှိပါတယ်။ သံအမတ်ကြီးအနေနဲ့ကော ဒီလို ဖြစ်လာမယ်ဆိုတဲ့ သတင်းအစအနတွေ ရခဲ့တာမျိုးရှိပါသလား။

ဖြေ။ “ ကျနော့်အနေနဲ့တော့ စစ်တပ်က အာဏာပြန်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ကြိုရတာမျိုး၊ ဒီလိုကြိုရတဲ့အပေါ်အခြေခံပြီး  အာဏာသိမ်းလိမ့်မယ်လို့ ယုံကြည်နေခဲ့တာမျိုးမရှိခဲ့ပါဘူး။ ကျနော်မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေခဲ့စဉ် ကာလကတည်းက စစ်တပ်ဟာ သူ့အာဏာတည်မြဲရေးအတွက် အတော်လေး ပြင်းပြင်းပြပြ လုပ်ဆောင်တာမျိုးမြင်တွေ့ခဲ့ရတာတွေရှိပါတယ်။ အဲဒီလို လုပ်ဆောင် ချက်တွေကြောင့်လည်း ပြုပြင်ပြောင်းလဲရေးကို အတားအဆီးဖြစ်နေတာမျိုးတွေတောင်  ကြုံတွေ့ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အမြောက်အမြား ကျူးလွန်ခဲ့တာရှိပါတယ်။ လူသိများတဲ့ ရိုဟင်ဂျာလို ပြဿနာမျိုး၊ ကချင်မှာ လုပ်ခဲ့တဲ့ ပြဿနာမျိုးတွေနဲ့ တခြားဒေသတွေမှာ ကျူးလွန်ခဲ့တာတွေ ရှိနေခဲ့တာက သာဓကပါ။ ဒါပေမဲ့ ကျနော့်အနေနဲ့တော့စစ်တပ်က အာဏာပြန်သိမ်းလိမ့်မယ်ဆိုတာမျိုးအထိတော့ မမျှော်လင့်ခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က အတော်လေး အာဏာရထားတဲ့အနေအထားပါ။ အခုလို အာဏာသိမ်းလိုက်တယ်ဆိုတာက တိုင်းပြည်အတွက် တင်မဟုတ်ပါဘူး၊ စစ်တပ်အတွက်လည်း အတော်လေး အန္တရယ်များတဲ့အနေအထားဆိုတာကို သိနေတော့ ပြန်သိမ်းမယ်လို့တော့ ကျနော် မမျှော်လင့်ခဲ့မိပါဘူး။”

မေး။ သံအမတ်ကြီစာအုပ်ထဲမှာဆိုရင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ  (NLD )ဟာ ၂၀၁၂ ခုနှစ်အစောပိုင်းမှာ လွှတ်တော်ထဲဝင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ NLD လွှတ်တော်ထဲကို ဝင်ရောက်ခဲ့တယ်။ အဲဒါက ဧပြီလ ပါ။ နောက်ထပ်နှစ်လပဲ ကြာပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ရခိုင်မှာ အဓိကရုဏ်းတွေဖြစ်ခဲ့ပါတယ်။  ဒီအချက်အလက်တွေကို ထောက်ရှုကြည့်မယ်ဆိုရင် အချိန်ကိုက်လိုဖြစ်သွားတဲ့အနေအထားမျိုးလို့ ယူဆစရာများရှိမလား၊ သံအမတ်ကြီးကော ဒီအပေါ်မှာ သတိထားမိခဲ့တာရှိပါသလား။   

ဖြေ။ “ဒါနဲ့ ပတ်သက်ရင်တော့ ကျနော်မှာ လုံလောက်တဲ့သတင်းအချက်အလက်မရှိပါဘူး။ တကယ်တော့ ၂၀၁၂ တုန်းက ကျနော်က အင်ဒိုနီရှားမှာ တာဝန်ထမ်းဆောင်နေဆဲကာလပါ။ အဲဒီတုန်းက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေထဲမှာ ကျနော်ထဲထဲ ဝင်ဝင် ပါဝင်ပတ်သက်နေတာမျိုးလည်းမရှိခဲ့ပါဘူး။ ဒီနှစ် ခုချိတ်ဆက်နေတယ်လို့ပြောလို့ရနိုင်တဲ့ အထောက်အထားလည်း ကျနော်မှာမရှိပါဘူး။ ချိတ်ဆက်မှု ရှိတယ်ဆိုတာက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်မှာတော့ ဒါနဲ့ ပတ်သက်တဲ့အထောက်အထား မရှိဘူးဆိုတာကိုပဲ ပြောချင်တာပါ”

မေး။ ဒါပေမဲ့ မြန်မာပြည်သူတွေအများစုကတော့  ရိုဟင်ဂျာပြဿနာဆိုတာကို စစ်တပ်ရဲ့  နိုင်ငံရေးကစားကွက်တစ်ခု (game) တစ်ခုလို့မြင်ကြပါတယ်။ ဒီအပေါ်မှာ သံအမတ်ကြီးဘယ်လို နားလည်မိပါသလဲ။

ဖြေ။ “ဒါနဲ့ ပတ်သက်တဲ့ ကျနော့်အမြင်ကတော့ သိပ်လူကြိုက်များမယ်လို့ မထင်ပါဘူး။  ကျနော်အမြင်အရဆိုရင်တော့  ဒီလူမျိုးစုတွေဟာ စစ်အစိုးရတွေ လက်ထက်မှာ  နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံခဲ့ရတာပါ။ သူတို့ အုပ်ချုပ်ခဲ့တဲ့ ကာလတွေအတွင်းမှာပဲ စစ်တပ်ဟာ လူမျိုးရေးနဲ့ ပတ်သက်ပြီးဝါဒ ဖြန့်ချိရေးတွေ လုပ်ခဲ့ပါတယ်။ အဲဒီအတွက်  မြန်မာပြည်သူတွေက ဒီလူတွေကို ကြောက်နေတာမျိုးတွေ ရှိပါတယ်။ ဝါဒဖြန့်ချိတဲ့အခါမှာ ဒီလူတွေဟာ မြန်မာကွန်မြူနတီထဲမှာ မပါဝင်ဘူးဆိုတာမျိုးတွေရောပေါ့။ ဒါကြောင့်လည်းနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ ဒီလို ပြဿနာတွေဖြစ်လာတယ်။ အဲဒီနောက်ပိုင်း ၂၀၁၆- ၂၀၁၇ မှာလည်း စစ်တပ်က စစ်ဆင်ရေးတွေ လုပ်တယ်ဆိုပြီး လူဒီမျိုးစုတွေကို နှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ရှစ် သိန်းလောက်ထွက်ပြေးကြရပါတယ်။ ဒါက တော်တော်ဆိုးဝါးတဲ့ အခြေအနေပါ။ ဒါက စစ်တပ်ကိုယ်တိုင်က ကျူးလွန်တဲ့အကြမ်းဖက်မှုပါ။ ဒါပေမဲ့ မြန်မာကွန်မြူနတီဘက်ကကျတော့ ထွက်ပြေးသွားတဲ့ သူတွေဘက်က ရပ်တည်ထောက်ခံပေးတာမျိုးတွေ သိပ်မတွေ့ရပါဘူး။  ဒါတွေကလည်း နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ ဝါဒ ဖြန့်ချိရေးတွေကြောင့်လို့ ကျနော်ထင်ပါတယ်။”

မေး။ ပထမဦးဆုံးမေးခဲ့တဲ့ မေးခွန်းကို ကျမ ပြန်သွားချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေစလုပ်ခဲ့တုန်းက အမေရိကန်ပြည်ထောင်စုအနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တာတွေရှိပါတယ်။ အကောင်းမြင်ခဲ့တာ တွေလည်းရှိခဲ့ပါတယ်။ ကျမမေးချင်တဲ့မေးခွန်းကတော့ သံအမတ်ကြီးအနေနဲ့ ဆိုရင်ကော အဲဒီတုန်းက အကောင်း မြင်ခဲ့သလို အခုအချိန်မှာဆက်ပြီးမြင်နိုင်သေးရဲ့လား၊ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းတဲ့နည်းနဲ့ လုပ်မှရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုကော ဆက်ပြီးတော့ ဆုပ်ကိုင်ထားတာမျိုး ရှိပါသေးလား။

ဖြေ။ “လတ်တလော ရေတိုကာလမှာတော့ တွေ့ဆုံဆွေးနွေးရေး (Dialogue)နဲ့ ပတ်သက်ပြီး အကောင်းမြင်လို့ ရနိုင်တဲ့အနေအထားမတွေ့ရပါဘူး။ ဘာကြောင့်လည်းဆိုတော့  စစ်တပ်ဟာ အာဏာသိမ်းလိုက်ပြီးကတည်းက အကြမ်းဖက်မှုတွေနဲ့ လွဲမှားတဲ့ စီမံလုပ်ဆောင်မှုတွေကို လုပ်ကိုင်နေတာမျိုးပဲ မြင်တွေ့နေရတဲ့အတွက်ဖြစ်ပါတယ်။  ရေရှည်အတွက် ဆိုရင်တော့ ကျနော်ကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက မြန်မာပြည်သူတွေအားလုံးနီးပါးက စစ်အာဏာရှင်စနစ်ကို ပြန်မသွားတဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့အနေအနဲ့ ပိုပြီးလွတ်လပ်တဲ့၊ ပိုပြီးအခွင့်အလမ်းရှိတဲ့ စနစ်ကိုပဲ သွားချင်ကြတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်တဲ့အခါမှာ အတိတ်တုန်းက တစ်ယောက်နဲ့ တစ်ယောက် သိပ်မယုံကြည်ကြတဲ့ ကွန်မြူနတီတွေ၊ လူမျိုးစုတွေဟာ ပိုပြီးပေါင်းစည်းလာကြတယ်၊ ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်လာကြတာရှိပါတယ်။ ဒါကြောင့် ကျနော်က ရေတိုမှာ တွေ့ဆုံဆွေးနွေးရေး (Dialogue)  မဖြစ်နိုင်သေးပေမဲ့ ရေရှည်မှာတော့ ဖြစ်နိုင်သေးတယ်ဆိုပြီး မျှော်လင့်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလဟာ စစ်တပ်က အားအင်ချည့်နဲ့ပြီး နိုင်ငံရေးအာဏာကို ဆက်ပြီးဆုပ်ကိုင်ထားနိုင်စွမ်းမရှိတော့တဲ့ ကာလ၊ စစ်တန်းလျားပြန်မယ်ဆိုတဲ့ ကာလဖြစ်ရပါမယ်။ စစ်တပ်က နိုင်ငံရေးအာဏာကို လက်မလွှတ်သမျှတော့ တွေ့ဆုံဆွေးနွေးရေး အတွက် သိပ်မျှော်လင့်ချက်မရှိပါဘူး။  

ဒိုင်ယာလော့ဆိုတဲ့ အကြောင်းကို ပြောတဲ့အခါမှာ ဒါက တကယ်တော့ ကျနော်တို့လို နိုင်ငံခြားသားက ပြောတာမျိုးထက် မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်ရမှာပါ။ ကျနော်အနေနဲ့ ပြောပါဆိုရင်တော့အခုလောလောဆယ် ဒိုင်ယာလော့ လုပ်လို့ရနိုင်တဲ့ အခြေအနေမျိုးမမြင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ကိုကြည့်ရင် ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်ဆိုတဲ့  အရိပ်အယောင်ဘာ တစ်ခုမှ မမြင်ရပါဘူး။  ဒါကြောင့် လက်ရှိအနေအထားကနေ ဖောက်ထွက်ဖို့ စစ်တပ်ကိုယ်တိုင်က နည်းလမ်းမရှာမချင်း တွေ့ဆုံဆွေးနွေးရေးဆိုတာ ကျနော့်အနေနဲ့တော့  မမြင်မိပါဘူး။ ဒါက စစ်တပ်နဲ့ ခုခံတိုက်ပွဲ ဝင်နေကြသူတွေကြားထဲက အနေအထားကို ပြောတာပါ။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းတွေကြားထဲမှာတော့ ဆွေးနွေးညှိနှိုင်း အပေးယူလုပ်တာတွေကို လုပ်နိုင်ပါတယ်။ ဒါကလည်းတော်လှန်ရေးအောင်မြင်ဖို့ အတွက် အတော်ကို အရေးကြီးတဲ့ လုပ်ဆောင်ချက်လို့ မြင်ပါတယ်။”

မေး။ ဟိုတုန်းက သံအမတ်ကြီးတို့ရဲ့ အမြင်က မြန်မာပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင် စီးပွားရေးအရ ပိတ်ဆို့တာ တခုတည်းနဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလို့ မြင်ခဲ့တာတွေရှိတယ်။ ဒါကိုလည်း ဒီစာအုပ်ထဲမှာ ဖတ်ရပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုဟာ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပိုင်းမှာ ပိတ်ဆို့ အရေးယူမှုတွေကိုလည်းဖြေလျော့ပေးခဲ့တယ်။ ဒါပေမဲ့ စစ်တပ်ဘက်ကတော့  ကတိမတည်ခဲ့ဘဲနဲ့ အာဏာပြန်သိမ်းခဲ့တယ်။ အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂအပါအဝင် သူ့ရဲ့ မဟာမိတ်တွေ၊ နောက်တစ်ကြိမ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လုပ်လာရတယ်။  သမိုင်းတစ်ကျော့ပြန်လည်တယ်လို့ပဲ ပြောရတော့မှာပေါ့။ ကျမသိချင်တာက အခုအချိန်မှာ ပိတ်ဆို့အရေးယူမှုတွေလုပ်နေတာနဲ့ ပတ်သက်ရင်ကော သံအမတ်ကြီးရဲ့ သဘောထားဘယ်လို ရှိသလဲ၊ ဘယ်လို မြင်သလဲဆိုတာဆွေးနွေးပေးပါဦး။   

ဖြေ။   “ဟုတ်ပါတယ်။ ကျနော့် အနေနဲ့ စီးပွားရေးပိတ်ဆို့အရေးယူတာ တခုတည်းနဲ့တော့ ထိရောက်မှုရှိတယ်လို့ မယူဆခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိအနေအထားကိုကြည့်ပါ။ တိုင်းပြည်အတွက် တခုတည်းသော မျှော်လင့်ချက်က စစ်တပ်အားနည်းသွားအောင်လုပ်နိုင်ဖို့ပါပဲ။ ဘယ်လို အတိုင်းအတာမျိုးအထိ အားနည်းသွားဖို့လိုမလဲဆိုတော့၊ ကြုံတွေ့လာရတဲ့ ကြီးမားတဲ့ အကျပ်အတည်းတွေကနေ စစ်တပ်ကိုယ်တိုင်က  ရုန်းထွက်နိုင်ဖို့ ကြိုးစားတာမျိုး၊ သူတို့ကိုယ်တိုင်က ဆွေးနွေးညှိနှိုင်း ချင်ပါတယ်လို့ ပြောလာတဲ့ အနေအထားမျိုး အထိအားနည်းသွားဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့ဆိုရင် စစ်တပ်ကို ဖိအားတွေ အများကြီးပေးနိုင်ဖို့လိုပါတယ်။ စစ်တပ်ကို ဖိအားပေးတဲ့အခါမှာတော့  ပြည်တွင်းက ဖိအားက ပိုပြီးအဓိက ကျတယ်လို့မြင်ပါတယ်။ ဥပမာ အခုလုပ်နေတဲ့ ခုခံတော်လှန်စစ်လိုမျိုး၊ အကြမ်းမဖက်အာဏာဖီဆန်တဲ့(CDM)လှုပ်ရှားမှုလိုမျိုး ဖိအားတွေဟာ ထိရောက်တဲ့ ဖိအားတွေဖြစ်ပါတယ်။ နိုင်ငံတကာကတော့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဖိအားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလုပ်တဲ့ အရေးယူပိတ်ဆို့မှုရှိမယ်။ ဥရောပ သမဂ္ဂ ကလုပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေရှိမယ်၊ တခြားနိုင်ငံတွေက လုပ်တာတွေရှိမယ်။ ဆိုလိုတာက အရေးယူပိတ်ဆို့မှုတွေ လုပ်တယ်ဆိုပေမယ့် ဒီလို အရေးယူပိတ်ဆို့မှု (Sanction) သက်သက်နဲ့တော့ ကြီးမားတဲ့အပြောင်းအလဲမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာရဲ့ အရေယူပိတ်ဆို့မှုနဲ့ ပြည်တွင်းက ဖိအားနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင်တော့ ရေရှည်မှာ စစ်အာဏာရှင်တွေဘက်က ဆွေးနွေးညှိနှိုင်းချင်ပါတယ်လို့ သူတို့ကိုယ်တိုင် တွန်းရတဲ့အနေအထားမျိုး ရောက်လာမှာပါ။”

မေး။ ဟုတ်ကဲ့..။ နောက်ထပ်မေးခွန်းတခုကတော့  အာဆီယံအဖွဲ့နဲ့ ပတ်သက်ပါတယ်။ လက်ရှိအာဆီယံနိုင်ငံတွေရဲ့ ချည်းကပ်ဆောင်ရွက်မှုအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ “အာဆီယံရဲ့ အနေထားကတော့ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတဲ့ အနေအထားလို့ပြောရမှာပါ။ အာဆီယံဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတာပါ။ အားလုံးသဘောတူညီမှ ဆုံးဖြတ်ချက်ချလို့ရတဲ့ အနေအထားပါ။ ပြီးတော့ အာဆီယံထဲမှာ နိုင်ငံတွေကကွဲနေတယ်၊ တချို့နိုင်ငံတွေက စစ်အာဏာသိမ်းတာကိုမကြိုက်ဘူး။ အတော်စိတ်မချမ်းသာပါဘူး၊ ဥပမာ အင်ဒိုနီးရှားလို နိုင်ငံပေါ့။ သူတို့ အနေနဲ့ ခက်ခက်ခဲခဲ တွန်းနေတာတွေရှိတယ်။ ဒါပေမဲ့လည်း တချို့နိုင်ငံတွေကျတော့လည်း သူများပြည်တွင်းရေး ဝင်မပါသင့်ဘူးဆိုတဲ့အချက်ကို စွဲကိုင်ဖို့ပဲ စဉ်းစားကြတယ်။ အာဆီယံမှာဒီလို ကွဲပြားနေတာကြောင့်လည်း သိသာထင်ရှားတဲ့ ရလဒ်မျိုးထွက်မလာနိုင်တာပါ။  ဥပမာ အာဆီယံက စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒီနေ့အထိ အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဖိတ်ကြားခြင်းမရှိပါဘူး။ ဒါကတော့ ကောင်းတဲ့အချက်ပါ၊ ဒီမူကို ဆက်ထိန်းသွားမယ်လို့လည်း မျှော်လင့်ပါတယ်။ ဖြစ်ဖို့များတာက  နိုင်ငံတော်အဆင့်မဟုတ်တဲ့ ကိုယ်စားလှယ်ကို တောင်လက်မခံတဲ့ အနေအထားမျိုးအထိလည်းဖြစ်လာ နိုင်ပါတယ်။ ဒါပေမဲ့ အာဆီယံ အနေနဲ့ အားလုံးသဘောတူတဲ့ (Consensus) တခုတော့ ထွက်ပေါ်လာနိုင်တဲ့အနေအထားမရှိသေးပါဘူး။”

မေး။ ဥပမာတစ်ခုပြောရရင် အာဆီယံမူဝါဒ ၅ ချက်ကို အကောင်အထည်ဖော်မယ့်ကိစ္စမှာ အချိန်သတ်မှတ်ချက်ပေးမထားတာမျိုး၊ဒါထက်ပိုတာက တချို့အာဆီယံနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ တော်တော်လေး နီးစပ်ပတ်သက်မှု ရှိနေပါတယ်။ ဒီလို အနေအထားဟာ စိုးရိမ်စရာမဟုတ်ဘူးလား၊ သံအမတ်ကြီးအနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ။  “ဟုတ်ပါတယ်၊ တချို့စစ်ကောင်စီကို ( support) လုပ်နေတဲ့နိုင်ငံတွေ ရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက် လုပ်နေကြတာပါ။  ဒါကအင်မတန် အန္တရာယ်များပါတယ်၊ ကြည့်ပါ စစ်ကောင်စီရဲ့ အနေအထားက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိပါဘူး။ တည်ငြိမ်အေးချမ်းမှုကိုလည်း မတည်ဆောက်နိုင်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အများကြီး ကျူးလွန်နေပါတယ်။ ဒီလို အနေအထားမျိုးမှာ အာဏာရှင်တွေ အောင်နိုင်လိမ့် မယ်လို့တော့ ကျနော်မမြင်မိပါဘူး။ ဒါကြောင့် ဒီနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေးဖို့လိုအပ်သလို ထောက်ခံခြင်း ထောက်ခံမယ်ဆိုရင်  မြန်မာပြည်သူ လူထုရဲ့သဘော ဆန္ဒကိုပဲ ထောက်ခံအားပေးသင့်တယ်လို့မြင်ပါတယ်။”

မေး။ မြန်မာနွေဦးတော်လှန်ရေးဟာ ခိုင်မာတဲ့သန္နိဋ္ဌာန် တခုနဲ့ အတူဖြစ်လာတာပါ။ ဒါပေမဲ့ အခုအချိန်မှာ တော်လှန်ရေးအောင်နိုင်ဖို့၊ အဆုံးအဖြတ်ပေးဖို့ ဆိုတဲ့အပိုင်းမှာ ခက်ခဲမှုတွေ ရှိနေပါသေးတယ်။ ကျမ သိချင်တာက ဘယ်လို အရာတွေက တော်လှန်ရေး ချိန်ခွင်လျှာကို အလှည့်အပြောင်းဖြစ်စေနိုင်တဲ့ အရာတွေလို့ မြင်ပါသလဲ။

ဖြေ။ “ဒါက သိပ်ဖြေရခက်တဲ့မေးခွန်းပါ။ ခန့်မှန်းပြီးပြောဆိုရတာမျိုးကလည်း ခက်ပါတယ်။ ဒါကို ပြောနိုင်ဖို့ အချိန်ယူရပါဦးမယ်။ တခုကတော့ NUG နဲ့ အခုတိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေနဲ့ လူမျိုးစုတိုင်းရင်းသားအဖွဲ့အစည်းတွေအကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့ လိုပါတယ်။ ပြီးတော့ သူတို့အနေနဲ့ ဒီတိုင်းပြည်ကို ရေရှည်မှာ ဘယ်လိုမြင်ချင်သလဲဆိုတဲ့ အမြင်ကို ချပြနိုင်ဖို့လိုပါတယ်။ ဆိုပါတော့ ဖက်ဒရယ်ဆိုရင်လည်း ဘယ်လို ဖက်ဒရယ်မျိုး ဖြစ်သင့်တယ်ဆိုတာမျိုးပေါ့။ အဲလို လုပ်နိုင်လေလေ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုကို ပိုမိုရရှိလေလေပါပဲ။ ဒါက နောက်ထပ် ထပ်ပြီးတော့ စစ်တပ်ကို အတွင်းကရော၊ အပြင်ကပါ တွန်းပြီးဖိအားပေးတဲ့ပုံစံပါ။ အခုလည်း အားတော့နည်းနေပါပြီ။ ဒါပေမဲ့ မလုံလောက်သေးဘူးလို့ပြောရမှာပါ။ ဒီ့အပြင် ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူ အဖြေပေးဖို့တော့ခက်ပါသေးတယ်။ ဆိုလိုတာက ဒရမ်မာ ဆန်ဆန် ရုတ်ချည်းပြောင်းလဲသွားဖို့ မမြင်သေးတာကိုပြောတာပါ။”

မေး။ ဘာကြောင့်ဒီလိုမေးရတာလဲဆိုတော့ လက်ရှိမှာ ရုရှား ၊တရုတ်စတဲ့ နိုင်ငံတွေက စစ်ကောင်စီကို အားပေးထောက်ခံနေတာဟာ တော်လှန်ရေးအတွက်တော့ အတားအဆီးတစ်ခုလို့ မြင်လို့ပါ။ ကျမသိချင်တာက  ဘယ်လို အကြောင်းတရားတွေက  ကြီးမားတဲ့ အရွေ့တစ်ခုကို တွန်းခေါ်သွားနိုင်မလဲဆိုတာမျိုးပေါ့။ 

ဖြေ။ “အခုရုရှားမှာ ဘာဖြစ်နေလဲဆိုတာ ကျနော်တို့ ကြည့်ရအောင်ပါ။ သူ့ရဲ့ ရုပ်ပုံလွှာက မကောင်းပါဘူး။ ယူကရိန်းကို ကျူးကျော်တယ်၊ လူတွေအများအပြားသေကျေပျက်စီးတယ်။ စီးပွားရေးကျတယ်။ နိုင်ငံတကာအပေါ်မှာလည်း ဩဇာမရှိတော့ဘူး။ ဒါကရုရှားနဲ့ ပတ်သက်ပြီးပြောတာပါ။ တရုတ်နဲ့ ပတ်သက်ရင်တော့ တရုတ်က စစ်ကောင်စီကို သဘောကျတယ်လို့တော့ ကျနော်မထင်ဘူး၊ စစ်ကောင်စီအပေါ် ရေရှည်သစ္စာ ရှိလိမ့်မယ်လို့လည်း ကျနော်မမျှော်လင့်ပါဘူး။ သူက ဘယ်သူတက်လာတက်လာ၊ တက်လာတဲ့ အစိုးရနဲ့ ဆက်ဆံမယ်ဆိုတဲ့ သဘောမျိုးပဲရှိတယ်။ ဒါကြောင့် စစ်တပ်ရှုံးနိမ့်လာတာနဲ့ အခြေအနေပြောင်းသွားပါလိမ့်မယ်။ အဲဒီအချိန်မှာလည်း သူက နောက်ထပ်တက်လာတဲ့ အစိုးရဆိုတာနဲ့ ဆက်ဆံဦးမှာပဲ။ ဒါကြောင့် ဘယ်လို အရာက အပြောင်းအလဲကို ယူဆောင်လာနိုင်မလဲဆိုရင် အပြင်ကဖိအားနဲ့ အတွင်းက ဖိအားနှစ်ခုစလုံးကို အရှိန်မြှင့်ပြီး ပေးနိုင်ခြင်းဖြစ်ပါလိမ့်မယ်။ အခုလည်း အပြင်က ဖိအားတွေ ပိုများလာတာတွေ့မှာပါ။ အခုတလောပဲ စင်ကာကူဘဏ်က အကောင့်တွေ ပိတ်လိုက်တာရှိတယ်။ တခြားနိုင်ငံတွေနဲ့ ဘဏ်တွေက အဆက်ဖြတ်တာတွေ ရှိတယ်။ ဒါကြောင့် စစ်တပ်အပေါ်မှာ ဘဏ္ဍာရေးဆိုင်ရာဖိအားတွေ အများကြီးရှိနေတယ်။ အဲလိုပဲ သူတို့ကိုယ်တိုင်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဘယ်လိုလည်ပတ်အောင်လုပ်ရမလဲဆိုတာနဲ့ သူတို့ဘာလုပ်လို့ ဘာကိုင်ရမလဲဆိုတာတောင် မသိတော့တဲ့အနေအထားပါ။ စီးပွားရေးအရေရော၊ ဘဏ္ဍာရေးအရရော သူ့မှာဖိအားတွေ အရမ်းများနေပြီ။ တခြားပြဿနာတွေ လည်းရှိပါသေးတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စစ်သားဦးရေ လျော့ကျလာတာတွေ စသဖြင့်ပါ။ ဒါတွေကို ခြုံငုံသုံးသပ်ရင် သူတို့မှာ ဖိအားတွေအတော်များနေပါပြီ။ ဒါတွေနဲ့ပဲ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ မျှော်လင့်လို့ ရမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ အချိန်ကြာမလား၊ အချိန်တိုအတွင်း အပြောင်းအလဲတစ်ခု ဖြစ်လာမလားဆိုတာကတော့ပြောဖို့ခက်ပါတယ်။”  

မေး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဒီဇင်ဘာမှာ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ Burma Bill ကို ပြဋ္ဌာန်းလိုက်တာရှိပါတယ်။ ဒါက ကြီးမားတဲ့ အထောက်အပံ့တစ်ခုပါ။ ဒါပေမဲ့ လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ မြန်မာဟာ အမေရိကန်ပြည်ထောင်စုအတွက် ပထဝီနိုင်ငံရေးအရ သိပ်အရေးမပါလှပါဘူး၊ မြန်မာနိုင်ငံကိုကူညီတယ်ဆိုတာ ဒီမိုကရေစီကို ကာကွယ်ရုံလောက်ပါလို့ ပြောကြပါတယ်။ သံအမတ်ကြီးအနေနဲ့ ဘယ်လိုယူဆပါသလဲ။

ဖြေ။ “ အမေရိကန်ပြည်ထောင်စုအနေနဲ့တော့ ကွန်ဂရက်ကနေ Burma Bill ကိုပြဋ္ဌာန်းခဲ့တာရှိပါတယ်။ ဒီဥပဒေဟာ ဒီမိုကရက်ရော၊ ရီပါပလေကင်ရော၊ နှစ်ပါတီစလုံးက သဘောတူ ထောက်ခံမှုနဲ့ ဖြစ်လာတဲ့ဥပဒေပါ။ ဆိုတော့ဒါက အပေါင်းလက္ခဏာဆန်ပါတယ်။ ကျနော်အထင် အမေရိကားမှာရှိနေတဲ့ တချို့သောသူတွေတောင်  မြန်မာနိုင်ငံက ဘယ်လို မဟာဗျူဟာကျပြီး ဘယ်လိုအရေးကြီးတယ်ဆိုတာမျိုးကို သတိထားမိပုံမရပါဘူး၊ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ပြောရရင် ၁၉၈၈ ခုနှစ်လောက်ကတည်းကပါ၊ မြန်မာနိုင်ငံအပေါ်မှာထားတဲ့  အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒက  မြန်မာပြည်သူတွေအပေါ်မှာ ထားတဲ့ ကြီးမားတဲ့ကိုယ်ချင်းစာတရားအပေါ်မှာ အခြေတည်ပါတယ်။ ပြည်သူတွေကို မတရားဖိနှိပ်နေတဲ့ စစ်တပ်အပေါ် စိတ်ပျက်မှုတွေကြောင့် ပြည်သူတွေကို ပိုပြီးတော့ အားပေးထောက်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ  ( Geostrategic Interest)  လို့ခေါ်တဲ့ ဒေသဆိုင်ရာ မဟာဗျူဟာအကျိုးစီးပွားလည်းရှိပါတယ်။ ဒါကလည်း  အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါ့ထက်ပိုတာက မြန်မာပြည်သူတွေအပေါ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စာနာစိတ်၊ နားလည်စိတ်နဲ့ မြတ်နိုးလေးစားစိတ်တွေပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုက ပိုပြီး အားပေးထောက်ခံနေတာ ဖြစ်ပါတယ်။”

မေး။ မြန်မာနွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို အကဲဖြတ်မိပါသလဲ။ တော်လှန်ရေးက ရေရှည်သွားရမယ်ဆိုတဲ့ အမြင်မျိုးရှိပါသလား။

ဖြေ။ “ဒါကိုပြောမယ်ဆိုရင် အာဏာသိမ်းခဲ့စဉ်ကကာလကို ပြန်ကြည့်ဖို့၊ မမေ့ဖို့လိုပါတယ်။ ဖော်ဖော်ဝါရီမှာ အာဏာသိမ်းတယ်။ အဲဒီနောက်ပိုင်း ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ စသဖြင့်ပေါ့၊ အစောပိုင်းမှာ အေးချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ပေမဲ့ တဖြေးဖြေးနဲ့  CDM လုပ်တာတွေပါလာတယ်။ အဲဒီအနေအထားမှာ စစ်တပ်နဲ့အတူ မြန်မာပြည်တွင်းမှာရှိနေတဲ့ လူတချို့က ဆိုရင်တောင် စစ်တပ်အနေနဲ့ ခဏလောက် နှိပ်ကွက်လိုက်ရင် ငြိမ်သွားမှာပါလို့ ထင်ခဲ့ကြတယ်။ အခုနှ ၂ နှစ်ခွဲကြာသွားတဲ့အခါမှာ ငြိမ်းချမ်းစွာ တန်းစီဆန္ဒဖော်ထုတ်တဲ့ အနေအထားကနေ အင်အားစု အသီးသီးပေါ်လာတယ်။ စစ်ဆင်ရေးတွေအထိ လုပ်လာနိုင်တယ်။ ဒါက ဘယ်လောက် တိုးတက်အောင်မြင်လာခဲ့သလဲဆိုတာကိုပြတဲ့တကယ့်ကို ထင်ရှားတဲ့ ရလဒ်တွေပါ။ အဲလိုပြောလို့ မကြာခင်ပွဲပြီးမယ်လို့ ကျနော် ပြောတာမဟုတ်ပါဘူး။ တကယ်တော့ ကျနော်လည်း အဲလို ဖြစ်စေချင်ပါတယ်။ ဒီတော့ အချိန်တခုတော့ ကြာနိုင်တယ်လို့ ခန့်မှန်းမိတယ်။ ဘယ်လောက်ကြာမယ်ဆိုတာတော့ ကျနော်လည်းမသိပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က အလွယ်တကူနဲ့ အလျှော့ပေးမှာ မဟုတ်လို့ပါပဲ။ လွယ်လွယ်နဲ့ ဆွေးနွေးမှာလည်း မဟုတ်ပါဘူး။ ဒါကို ပြောရတာစိတ်မကောင်းပါဘူး။ ကျနော်အပြင်ကနေကြည့်နေတဲ့လူတယောက်အနေနဲ့ မြန်မာပြည်သူတွေ ဘယ်လောက်ခံစားနေရတယ်ဆိုတာကို သိနေပါတယ်။ ကျနော်တို့အနေနဲ့  ရှင်သန်ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေကိုပဲဖြစ်ဖြစ်၊ ခုခံတွန်းလှန်တိုက်ပွဲဝင်နေရတဲ့ သူတွေကိုပဲဖြစ်ဖြစ် လေးစားအားကျ မိပါတယ်။ အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတာကတော့ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲတွေဖော်ဆောင်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့ မြင်ပါတယ်။”

မေး ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ တချို့ကပြောကြတယ်။ မြန်မာနိုင်ငံက ကျရှုံးနိုင်ငံဖြစ်သွားနိုင်တယ်ဆိုတာမျိုးပေါ့။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ “ကျရှုံးနိုင်ငံ ( Failed State) ဖြစ်နိုင်လားဆိုရင်အန္တရယ်ကတော့ အတိုင်းအတာတခုအထိ ရှိပါတယ်။ တကယ်တော့ တိုင်းပြည်ကို ကျရှုံးအောင် (Fail) ဖြစ်အောင်လုပ်နေတာက စစ်တပ်ပါ။ ဒါကြောင့် စစ်တပ်ကအာဏာကို ကြာရှည်ထိန်းချုပ်ခွင့်ရသွားလေလေ ကျရှုံးနိုင်ငံ ဖြစ်နိုင်တဲ့အခွင့်အလမ်းက ပိုများလေလေပါ။ ဒါဆိုရင် ကျရှုံးနိုင်ငံဆိုတာ ဘယ်လိုနိုင်ငံမျိုးကို ပြောတာလဲ ပြန်ကြည့်ရအောင်ပါ။ တိုင်းပြည်ဟာ တစစီဖြစ်သွားမယ်၊ ပြီးရင် အစိုးရဆိုတဲ့သူကလည်း နေရာလေးတခုလောက်ပဲ ကွက်ပြီး အုပ်ချုပ်နိုင်တော့တယ်ဆိုရင် အဲဒါကို ကျရှုံးနိုင်ငံ (Failed State) လို့ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားမှာတော့  စစ်တပ်နဲ့ ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲမှာဖြစ်စေ၊ မတူညီတဲ့ ကွန်မြူနတီတွေကြားထဲမှာဖြစ်စေ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါတယ်။ ဥပမာ တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းကြတာမျိုး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး အင်အားစုတွေပေါင်းစည်းကြတာမျိုးတွေရှိပါတယ်။ ဒါတွေကြောင့်  ရေရှည်မှာ အောင်မြင်တဲ့နိုင်ငံ (Successful State) ဖြစ်နိုင်တဲ့အခွင့်အလမ်းလည်း ရှိနေပါသေးတယ်။ ဟုတ်ပါတယ်၊ စစ်တပ်ကသာ ရေရှည်ထိန်းချုပ်သွားနိုင်မယ်ဆိုရင်ကျရှုံးနိုင်ငံတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့နိုင်ငံအဖြစ် ကူးပြောင်းမှုကို လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေလည်း ရှိနေပါသေးတယ်လို့ မြင်ပါတယ်။”

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နွေဦးတော်လှန်ရေးအတွက်လည်း ရှင်းလင်းတဲ့ သတင်းစကားတွေ ရရှိနိုင်မယ်လို့ ယူဆပါတယ်။

Photo Credit - US EMBASSY

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024