တောင်တွင်းကြီးတွင် စစ်ကောင်စီသတင်းပေး ၁ ဦးကို ပစ်သတ်ခဲ့ဟု ဗိဿနိုးတပ်ဖွဲ့ကြေညာ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ အောက်တိုဘာ  ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ သတင်းပေးဒလန်တစ်ယောက်ကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က သုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တောင်တွင်းကြီးမြို့ တောင်ပြင်( ၂)ရပ်ကွက်မှာနေထိုင်တဲ့ အများပြည်သူက ဒလန်လို့ သတ်မှတ်ခံ ထားရတဲ့ သမိုင်းသစ်ကွမ်းယာဆိုင်က ကိုမြင့်ဝင်းကို ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်လောက်က သေနတ်နဲ့ ၈ ချက်ပစ်သတ်ခဲ့တာကြောင့် နေရာမှာ သေဆုံးသွားတယ်လို့ဆိုပါတယ်။

ဒေသခံတဦးက ''ဒီလူက ပြည်ခိုင်ဖြိုးပါတီထောက်ခံတဲ့လူဗျ။ အိမ်ဝိုင်းတွေဘာတွေလည်း ပွဲစားလုပ်တယ်။ မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ကွမ်းယာရောင်းတယ်။ ကြက်တိုက်ဝါသနာပါတယ်။ နေ့လယ်က သူ့အိမ်နားမှာဘဲ ပစ်သတ်ခံရတာ။ ဆိုင်ကယ်နဲ့ပစ်သွားတာတဲ့။ နေရာမှာပွဲချင်းပြီးပဲ'' လို့ ပြောပြပါတယ်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်မှာ ထုတ်ပြန်ထားပါတယ်။

''သူက ဒလန်ကောင်။ အခုတော့ ကျနော်တို့ ရဲဘော်တွေက ကျည် ၈ ချက်ကျွေးလိုက်ပြီး ငရဲပြည်ကိုပို့လိုက်ပြီ'' လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က အတည်ပြုပြောပြပါတယ်။

အဲဒီအသတ်ခံရတဲ့ ကိုမြင့်ဝင်းဟာ စစ်ကောင်စီသတင်းပေးလုပ်ကိုင်ပြီးတော့ တောင်တွင်းကြီးမြို့က ပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဒုက္ခပေးတာကြောင့် အခုလို အသတ်ခံရတာလို့ တောင်တွင်းကြီးမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

သေဆုံးသူ ကိုမြင့်ဝင်းဟာ ဖေဖော်ဝါရီလကုန်ပိုင်းက တောင်တွင်းကြီးမှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို နောက်ယောင်ခံလိုက်ပြီး စစ်တပ်ကိုသတင်းပေးခဲ့လို့ သပိတ်စစ်ကြောင်း ဖြိုခွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်က စစ်ကောင်စီသတင်းပေး၊ ရာအိမ်မှူး ကိုဇော်လတ် ဟာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း တောင်တွင်းကြီးမြို့နေရာအနှံံ့အပြား လမ်းတွေပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ PDF တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်အာဏာရှင်အမြစ်ပြုတ်သည်အထိတိုက်ခိုက်သွားမှာ ဖြစ်ပြီးတော့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထားပါတယ်။

More News
Up