ပြည်သူများ အိမ်အပြင်မထွက်ကြရန်နှင့် စစ်အုပ်စုအနီး မနေကြရန် PDF တပ်ဖွဲ့များတိုက်တွန်း

ပြည်သူလူထုတွေအနေနဲ့  တတ်နိုင်သလောက် အပြင်မထွက်ဘဲနေကြဖို့နဲ့  စစ်တပ်၊ ရဲစခန်းနားနေထိုင်သူတွေ အထူးသတိထား တိမ်းရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေး မေတ္တာရပ်ခံ လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့  အရေးပေါ်အခြေအနေ ကြေညာချက်ကို အပြည့်အဝ ပူးပေါင်းပါဝင်မှာဖြစ်ပြီး မြေပြင်သတင်းထောက်တွေပေးပို့ထားတဲ့ စာရင်းပါ စစ်တပ်ဒလန်တွေကို ဒီနေ့ကစလို့ အချိန်မရွေး စတင်သုတ်သင်တော့မယ်လို့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးတော့ ပြည်သူတွေအနေနဲ့ လိုအပ်တာတွေ စုဆောင်းထားဖို့၊ အကြောင်းမရှိဘဲအိမ်အပြင်မထွက်ဖို့၊ ည ၈ နာရီနောက်ပိုင်း လမ်းပေါ်မထွက်ဖို့အတွက်၊ စစ်တပ်နဲ့ ရဲစခန်းအနီးနေထိုင်သူတွေအနေနဲ့ အထူးသတိထားကြဖို့၊ ဘာသံပဲကြားကြားထွက်မကြည့်ကြဖို့လည်း အသိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ လှုပ်ရှားမှုတွေကို လူမှုကွန်ရက်တွေမှာ မတင်ဖို့နဲ့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီသတင်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တမူးကာကွယ်ရေးအုပ်စုကလည်း စစ်အာဏာရှင်လက်ပါးစေတွေကို အပြီးသတ်ချေမှုန်းတော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့၊ လိုအပ်တာတွေ စုဆောင်းထားဖို့နဲ့ PDF တွေကို သတင်းပေးပြီး ကူညီဖို့ ထုတ်ပြန်ပါတယ်။

စစ်တပ်၊ ရဲကင်းနဲ့နီးတဲ့အိမ်မှာနေထိုင်သူတွေဟာ အဝေးကိုရှောင်ပေးဖို့လည်း အသိပေးထားပြီး ဝန်ထမ်းတွေလည်း ရုံးမတက်ကြဖို့ သူတို့က သတိပေးပါတယ်။

မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီနေ့ကစလို့ အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာနည်းနဲ့ တွန်းလှန်ကြဖို့၊ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ၊ ပူးပေါင်းနေတဲ့ လူတွေအနေနဲ့ ပြည်သူနဲ့ တသားတည်းပူးပေါင်းကြဖို့ ထုတ်ပြန်ပါတယ်။

ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့၊ ရန်သူသတင်းကို ပေးဖို့ကြဖို့နဲ့ အခြေခံစားသောက်ကုန်တွေ စုဆောင်းထားဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စည်းမျဉ်း စည်းကမ်း ကျင့်ဝတ်တွေကို တသွေမတိမ်းစောင့်ထိမ်းတော်လှန်ကြဖို့နဲ့ ရပ်ကွက်နဲ့ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေ လုံခြုံရေး စနစ်တကျပူးပေါင်းစီမံကြဖို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာရှိတဲ့ တက္ကသိုလ်နဲ့ သင်တန်းကျောင်းတွေက ကျောင်းသားသမဂ္ဂတွေကလည်း အခု လက်နက်ကိုင်တော်လှန်ရေးမှာထိပ်ဆုံးက ပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပြီး ကျောင်းသားပြည်သူ တရပ်လုံးကလည်း ဖက်ဆစ်စစ်တပ် ပြုတ်ကျဖို့အတွက် စစ်အုပ်စုထောက်တိုင်တွေကို တတ်နိုင်တဲ့ ကဏ္ဍ အသီးသီးက ပါဝင်တော်လှန်ကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up