Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို မတိုက်ခိုက်ရန် PDF တပ်ဖွဲ့များကို NUG ညွှန်ကြား
DVB
·
June 26, 2023

စစ်ရေးပစ်မှတ်မဟုတ်တဲ့ နိုင်ငံတဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးစီမံကိန်းတွေကို မတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ PDF တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လတ်တလောမှာ စိုးရိမ်စရာတွေ ဖြစ်နေတာပါ။ 

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး ကျေးရွာတွေမှာ ဇွန် ၉ ရက်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၁,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး PDF တွေဘက်ကလည်း တုံ့ပြန်တိုက်ခိုက်တာတွေ ရှိနေပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “NUG အစိုးရ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်တွေအားလုံးကိုလည်း ကျနော်တို့က ညွှန်ကြားထားတယ်။ စည်းကမ်းအတိအကျ လိုက်နာဖို့၊ စစ်ရေးပစ်မှတ်တွေကိုပဲ တိုက်ခိုက်ဖို့ ဆိုတဲ့ဟာပေါ့နော်။ စစ်ရေးပစ်မှတ် မဖြစ်ဖို့လည်း အရေးကြီးပါတယ်ဆိုတာ ပြောကြားချင်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်ပြုရာရောက်တဲ့ အပြုအမူမျိုး၊ ပြည်သူတွေကို သတ်ဖြတ်တာမှာ အားပေးအားမြှောက်ပြုတယ်လို့ မြင်တဲ့ဟာမျိုး မဖြစ်စေဖို့အတွက် စီးပွားရေးလုပ်ငန်းတွေကနေ သတိထားဆောင်ရွက်ဖို့ လိုအပ်မယ်လို့ ပြောကြားချင်ပါတယ်။ အဓိကကတော့ မြန်မာပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီအောင်လုပ်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချုပ်အခြာအာဏာက မြန်မာပြည်သူလူထုဆီမှာပဲ ရှိတာ။ အကြမ်းဖက်စစ်ကောင်စီဆီမှာ မရှိပါဘူး” လို့ ပြောပါတယ်။

NUG က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးစီမံကိန်းတွေကို မတိုက်ခိုက်ဖို့ ကန့်သတ်တာဟာ နိုင်ငံတကာ စစ်စည်းကမ်းအရ စစ်ရေးပစ်မှတ် မဟုတ်တာတွေကို မတိုက်ခိုက်ဖို့ ရှောင်လွှဲတာဖြစ်ပြီး သံတမန်ရေးအရ ကောင်းမွန်သလို NUG ကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလာရေးအတွက်လည်း မျှော်မှန်းတာမျိုး ဖြစ်နိုင်တယ်လို့ စစ်ကိုင်းဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။

မြေပြင်အဖွဲ့တွေကတော့ ဘယ်လိုညွှန်ကြားချက်မျိုးရှိရှိ ကြုံလာတဲ့ အခြေအနေအပေါ် မူတည်ပြီး တုံ့ပြန်တာမျိုး ဖြစ်လာလိမ့်မယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုဥက္ကာက ပြောပါတယ်။

“တော်လှန်ရေးတပ်သားတွေကလည်း လူသားတွေပဲဆိုတော့ ကိုယ့်ထိရင်တော့ ခံချင်ကြတာ မဟုတ်ဘူး။ ဒီနေ့ တော်လှန်ရေးဖြစ်လာတာကလည်း အာဏာသိမ်းမှု၊ ပြည်သူတွေကို စော်ကားမောက်မာပြီးတော့ သတ်ဖြတ်မှုတွေဖြစ်လို့ ကျနော်တို့က လက်နက်ကိုင်ပြီး တော်လှန်ကြတာဗျ။ MOD ဘက်ကနေပြီးတော့ တရုတ်စီမံကိန်းတွေကို မလုပ်ဖို့ တားမြစ်တယ်။ ဒါက နိုင်ငံတကာ တရားဝင်မှုဖြစ်ဖို့ သူတို့ကြိုးစားတာမှာ ကောင်းသောအချက်ပေါ့။ သို့သော်လည်းပဲ မကောင်းတဲ့အချက်က စစ်ကောင်စီတပ်သားတွေနဲ့ တရုတ်ဆိုက်တွေက ပူးပေါင်းပြီးတော့ ဒလန်လုပ်တဲ့အဆင့်တောင်မှ ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ မြေပြင်အင်အားစုတွေအနေနဲ့တော့ တုံ့ပြန်ကြလိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေဖြစ်တဲ့အတွက် ကိုယ့်ထိရင်တော့ ခံချင်ကြမှာ မဟုတ်ဘူးလေ။”

တရုတ်ဝမ်ပေါင်ကုမ္ပဏီက သူတို့ပိုင်နက် စီမံကိန်းဝင်းထဲမှာ စစ်ကောင်စီကို တပ်စွဲခွင့်ပြုထားတာ၊ စီမံကိန်းကို အကာအကွယ်ယူပြီး ပြည်သူတွေကို တိုက်ခိုက်တာတွေကြောင့် ဒေသခံ PDF တွေက စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန်တယ် ဆိုတာ NUG အစိုးရက သိရှိထားသလို စီမံကိန်း တာဝန်ရှိသူတွေဘက်ကလည်း သိနားလည်ဖို့ လိုတယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

“တရုတ်ကြေးနီစီမံကိန်းဆိုလည်း အရပ်သား NLD အစိုးရလက်ထက်က အသိအမှတ်ပြုပြီး လုပ်ခဲ့တဲ့ လုပ်ငန်းတခုပေါ့။ တရားဝင်လုပ်တဲ့ စီးပွားရေးလုပ်ငန်းမှာ ပြဿနာမရှိပါဘူး။ ပြဿနာမရှိဘူးဆိုတာက ပြည်သူအတွက် အကျိုးရှိမယ့်ဟာပေါ့၊ အဲ့ဒါဖြစ်ဖို့ အရေးကြီးတယ်။ တရားမဝင် စစ်အုပ်စုနဲ့ တွဲလုပ်တဲ့ဟာတွေကတော့ တရားမဝင်တဲ့လုပ်ငန်းတွေလို့ သတ်မှတ်ရမှာပေါ့။ စစ်တပ်တွေက အဲဒီစီမံကိန်း ဧရိယာထဲမှာ ဝင်ပြီး တပ်စွဲပြီးတော့ ပြည်သူကို ဒုက္ခပေးနေတယ်၊ သတ်ဖြတ်တယ်၊ နှိပ်စက်ညှဉ်းပန်းတယ်၊ ကြေးနီစီမံကိန်းကို အကာအကွယ်ယူပြီးတော့ သူတို့လုပ်နေတယ်။ အဲဒီအခါမှာ PDF တွေက အကြမ်းဖက်စစ်တပ်နဲ့ ပဋိပက္ခဖြစ်တာရှိတယ်။ တော်လှန်ရေးအင်အားစုတွေက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာ၊ ကိုယ့်ဒေသကို ကာကွယ်ဖို့အတွက် ကြိုးပမ်းတာဖြစ်တယ်။ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်။ တခုကတော့ စီမံကိန်းလုပ်ငန်းတွေထဲမှာ စစ်အုပ်စုရဲ့တပ်တွေ၊ သူတို့ရဲ့ လက်ပါးစေတပ်တွေကို တပ်စွဲခွင့် မပြုဖို့ကတော့ အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။”

စစ်ကိုင်းဒေသခံ နိုင်ငံရေးအင်အားစုတွေကတော့ တရုတ်အစိုးရက သူတို့အကျိုးစီးပွားတွေ အတွက် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလို ဒေသတွင်း တော်လှန်ရေးအစုအဖွဲ့တွေနဲ့လည်း တွေ့ဆုံညှိနှိုင်းတာမျိုး လုပ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရက NUG အစိုးရနဲ့ တွေ့ဆုံတာ မရှိသေးသလို စစ်ကိုင်းဒေသတွင်းမှာလည်း တရုတ်အပါအဝင် ပြင်ပအစုအဖွဲ့တွေ၊ နိုင်ငံတွေနဲ့ ဆက်ဆံဖို့ တိုင်းအဆင့်ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးအစုအဖွဲ့ မရှိသေးတာဟာ ကိုယ့်ဘက်က အားနည်းချက် ဖြစ်နေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက သုံးသပ်ပါတယ်။

“စစ်ကိုင်းတိုင်းကို ပြင်ပအင်အားစုတခုခုက သို့မဟုတ် ပြည်ပနိုင်ငံတခုခုက ချိတ်ဆက်လာမယ် ဆိုရင် စစ်ကိုင်းတိုင်းကနေ တာဝန်ခံပြီး ချိတ်ဆက်နိုင်တဲ့ တိုင်းအဆင့်နိုင်ငံရေးစုဖွဲ့မှု မရှိဘူး။ ဘယ်စုဖွဲ့မှုနဲ့ ချိတ်ဆက်လိုက်ရင် စစ်ကိုင်းတိုင်းကို လွှမ်းခြုံတယ်ဆိုတာမျိုး မရှိတော့ တရုတ်အနေနဲ့က စစ်ကိုင်းတိုင်းက တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ချိတ်ဆက်မယ်ဆိုရင် ဘယ်သူ့ကို ချိတ်ဆက်ရမလဲဆိုတာ ဝေဝါးချက်တွေ ရှိနိုင်တယ်ပေါ့ဗျာ။ တော်လှန်အင်အားစုတွေက စုစုစည်းစည်းရှိမယ်၊ ကွဲပြားမှု နည်းပါးမယ်ဆိုရင်တော့ တရုတ်ကလည်း သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းမှာ ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ နိုင်ငံရေးအစုအဖွဲ့တွေကို တိုက်ရိုက် ချဉ်းကပ် ဆောင်ရွက်လာတာမျိုးလည်း ရှိလာနိုင်တယ်ပေါ့။ တိုင်းအဆင့် ကိုယ်စားပြုတဲ့ အစုအဖွဲ့တွေ ပေါ်ပေါက်ဖို့အတွက် တော်လှန်ဘက်သားတွေကလည်း စုစုစည်းစည်းနဲ့ ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ မြင်တယ်ဗျ။”

စစ်ကိုင်းတိုင်းမှာ ဝမ်ပေါင်ကြေးနီစီမံကိန်းအပြင် တကောင်းတောင် နီကယ်စီမံကိန်းလည်း တည်ရှိနေတာပါ။ ဒီစီမံကိန်းတွေဟာ ကန်ဒေါ်လာ သန်းရာချီတန်တဲ့ စီမံကိန်းတွေဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းက နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ စတင်လည်ပတ်ခဲ့တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

အရပ်သား NLD အစိုးရလက်ထက်မှာလည်း ဒီလုပ်ငန်းတွေဟာ ဆက်လက်လည်ပတ်ခဲ့ပြီး ၂၀၂၁ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှာတော့ PDF တွေဘက်က ပစ်မှတ်ထားချင်စရာ နေရာတွေ ဖြစ်လာခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024