မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်မှာ စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေပေမဲ့ ဒေသခံပြည်သူတွေကတော့ ဆေးထိုးခံဖို့ စိတ်ဝင်စားမှုနည်းပါး နေတယ်လို့ သိရပါတယ်။
''ရပ်ကွက်တွေထဲကို ဆေးထိုးမယ့်သူစာရင်း လိုက်ကောက်တယ်။ သူတို့ကိုကော ဆေးကိုကော မယုံလို့ မထိုးတော့ဘူးလို့ပြောလိုက်တယ်။ ဘယ်နိုင်ငံဆေးမှန်းလည်းမသိ။ အာမခံချက်လည်းမရှိတဲ့ဆေးတော့ ထိုးမနေတော့ဘူးလေ။ နားမလည်တဲ့ ပြည်သူတွေကတော့ ထိုးကြမှာပေါ့ '' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ''ရွာမှာတော့ အသက် ၆၅ နှစ်ကျော်တဲ့သူတွေကို ဦးစားပေးပြီး ထိုးပေးမယ်လို့ စာဝင်ထားလို့။ ရွာထဲတော့ ကြေညာထားတယ်။ ပြည်သူက စိတ်ဝင်စားမှုနည်းပါတယ်။ ရွာအတွက်မို့လို့သာလုပ်နေရတယ်။ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့ဘူး။ ညွှန်ကြားချက်တွေက တော်ကြာတမျိုး တော်ကြာတစ်မျိုး။ အားတိုင်း ညွှန်ကြားချက်ထိုင်ထုတ်နေသလားမသိဘူး '' လို့ ပြောပါတယ်။
စစ်တပ်မိသားစုအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မိသားစုဝင်တွေတော့ မဖြစ်မနေထိုးကြရတယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတဲ့ သာသနာ့ဗိမာန်မှာလည်း ဆေးလာရောက်ထိုးနှံတဲ့ လူစုလူဝေးကို ကိုဗစ်စည်းကမ်းနဲ့အညီ သေချာစွာထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဆေးထိုးခဲ့သူတစ်ဦးက ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာ ဇွန်လ ၂၂ ရက်မှ သြဂုတ်လ ၂ ရက် မနေ့ညနေအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၀ ကျော်နဲ့ သေဆုံးသူ ၅၀ ကျော်ရှိကြောင်း သိရပါတယ်။