ဆီးဂိမ်းအတွက် စီဘီဘဏ် ကျပ် သိန်း ၆ ထောင် လှူ
DVB
·
November 21, 2013
လာမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက်
စီဘီဘဏ်ကနေ ကျပ် သိန်း ၆ ထောင် တန်ဖိုးရှိမယ့် အထောက်အကူပြု ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေ လှူဒါန်းခဲ့တယ်လို့ ဘဏ်ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်အေး က ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ အားကစားဝန်ကြီးဌာနကို လှူဒါန်းတဲ့ပွဲမှာ သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
စီဘီဘဏ်ရဲ့ လှူဒါန်းမှုတွေထဲမှာ ဆီးဂိမ်းမှာ မြန်မာအားကစားသမားတွေ ၀တ်ဆင်မယ့် ၀တ်စုံတွေ၊ လေဆိပ်နဲ့ အားကစားကွင်းတွေမှာ အသုံးပြုမယ့် ပစ္စည်းသယ်မယ့် ထရော်လီ (Trolley) စီးရေ ၅၀၀၊ ငွေထုတ်စက်တွေ၊ ငွေလဲကောင်တာတွေနဲ့ လှုံ့ဆော်ဖျော်ဖြေရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ပါဝင်တယ်လို့ သူက ရှင်းပြပါတယ်။
ဆီးဂိမ်းဖြစ်မြောက်ရေးအတွက် အားကစားဝန်ကြီးဌာနကို ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီတွေက ငွေကြေး၊ ရုပ်ဝတ္တုပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေ လှူဒါန်းနေကြပြီး အသေးစိပ် ကိုတော့ ၀န်ကြီးဌာနက ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။
အလားတူ ရန်ကုန်မြို့တော် စည်ပင် ဈေးများဌာနကလည်း လာမယ့် ဆီးဂိမ်း အားကစားပြိုင်ပွဲတွေ မစတင်ခင် ရန်ကုန်မြို့က ဈေးကြီး ၁၃ ခုကို ကျပ် သန်း ၁၅၀၀ လောက် အသုံးပြုပြီး ပြုပြင်တာ၊ ဆေးသုတ်တာနဲ့ အလှဆင် မွမ်းမံတာ လုပ်သွားမယ်လို့ ဌာန တာဝန်ရှိသူတယောက်က ဒီဗွီဘီ ကို အတည်ပြု ပြောဆိုပါတယ်။
အဲဒီ ဈေးတွေထဲမှာ ဗိုလ်ချုပ်ဈေး၊ ညောင်ပင်လေးဈေး၊ မြေနီကုန်းပလာဇာ၊ သိမ်ကြီးဈေး ရုံ ၃ ရုံ၊ မင်္ဂလာဈေးသစ်နဲ့ ကျောက်မြောင်းဈေးတွေလည်း ပါဝင်ပါတယ်။
ဒီဈေးတွေထဲက ဗိုလ်ချုပ်အောင်ဆန်းဈေးဟာ နိုင်ငံခြားသား ခရီးသည်တွေ ပုံမှန် လာရောက်လေ့ရှိတဲ့ ဈေး ဖြစ်ပြီး ရန်ကုန်မြို့တွင်း လည်ပတ်မှု ခရီးစဉ်ထဲမှာလည်း ထည့်သွင်းထားလေ့ရှိတဲ့ဈေး ဖြစ်ပါတယ်။
ဒီငွေတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဘတ်ဂျက် အသုံးစရိတ်ထဲက ထုတ်နှုတ် သုံးစွဲမယ်လို့ အဲဒီ တာဝန်ရှိသူက ပြောပါတယ်။