DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ သတင်းသမား ၄၀ ကို ချက်ချင်းလွှတ်ပေးရန် CPJ တောင်းဆို
DVB
·
April 30, 2021
ဖမ်းဆီးခံ သတင်းသမား ၄၀ ကို  ချက်ချင်းလွှတ်ပေးရန် CPJ တောင်းဆို
Donate to DVB

မြန်မာစစ်ကောင်စီအနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က တောင်းဆိုလိုက်ပါတယ်။

မီဒီယာတွေအပေါ် တရားဥပဒေကို အသုံးချပြီး နှောင့်ယှက် ခြိမ်းခြောက်တာတွေ မလုပ်ဖို့လည်း အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက်  CPJ အဖွဲ့က ဧပြီ ၂၉ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။

CPJ ရဲ့ကနဦးစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေအရ ဧပြီ ၂၉ ရက်အထိ မြန်မာနိုင်ငံမှာ သတင်းသမား အနည်းဆုံး အယောက် ၄၀ ထောင်သွင်းအကျဉ်းချခံထားရပြီး အများစုဟာ သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းဖမ်းဆီးခံရတာနဲ့  စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လမ်းမပေါ်ဆန္ဒပြပွဲတွေကို သတင်းယူရင်း ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။   

လွပ်လပ်တဲ့ သတင်းထုတ်လွှင့်ချက်တွေ ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နဲ့ စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်ထားခဲ့တဲ့ လွတ်လပ်တဲ့သတင်းဌာန တစ်ခုဆီက ရတဲ့အချက်အလက်တွေကို အခြေခံပြီး ခုလို ထုတ်ပြန်တာလို့လည်း ဆိုပါတယ်။

မြန်မာစစ်အစိုးရဟာ အနည်းဆုံး သတင်းမီဒီယာအဖွဲ့ဝင် အနည်းဆုံး အယောက် ၄၀ ကို ထောင်သွင်းအကျဉ်းချလိုက်ပြီး ကမ္ဘာမှာ ဂျာနယ်လစ်တွေကို အဆိုးရွားဆုံး ထောင်သွင်းအကျဉ်းချသူအဖြစ် ညတွင်းချင်း ဖြစ်လာခဲ့ပြီလို့  CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှဝမ်ခရစ္စပင် က ပြောပါတယ်။

ဒါ့အပြင် ဒါဇင်နဲ့ချီတဲ့ ဂျာနယ်လစ်တွေကို ထောင်သွင်းအကျဉ်းချတာဟာ စစ်အစိုးရရဲ့ လူမဆန်တဲ့ရက်စက်မှုတွေကို  မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာ့ပြည်သူတွေမသိအောင် အမှောင်ချဖို့ရည်ရွယ်ပြီးဗြောင်ကျကျ လူမဆန်စွာ လုပ်ဆောင်ချက်ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ သတင်းသမားတွေအထဲမှာ  အနည်းဆုံး နိုင်ငံခြားသား ၂ ဦး ပါဝင်ပြီး ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် ယူကီခိတဇုမိနဲ့ အမေရိကန်နိုင်ငံသား ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ  ကိုနေသန်မောင်တို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းသမားတွေအထဲက တစ်ဝက်လောက်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပြီး အများစုဟာ ရှေ့နေနဲ့ ရော မိသားစုနဲ့ပါ တွေ့ဆုံခွင့်မရခဲ့ပါဘူးလို့ လည်း သိရပါတယ်။ 

DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day သတင်းဌာနတို့ အပါအဝင် သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက မတ် ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီဗွီဘီ သတင်းထောက်တွေကိုလည်း ဖမ်းဆီးထောင်ချတရားစွဲထားတာရှိသလို   ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာတွေလည်းရှိပါတယ်။ 

ဒါ့ပြင် တခြားသတင်းဌာနတွေက ထင်ရှားတဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးထားတာ၊ အမှုဖွင့်ထားတာတွေရှိသလို  ဧရာဝတီသတင်းဌာနကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားပါတယ်။

ဖမ်းဆီးခံသတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ CPJအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဧပြီ ၆ ရက်နေ့က စာရေးတောင်းဆိုထားပြီး ဖမ်းဆီးခံ သတင်းသမားတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးကို စာရေးတောင်းဆိုထားရာမှာလည်း ပြန်ကြားလာတာမရှိသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013