Home
မြန်မာသတင်း
ဓာတ်ပုံဆရာ ကိုအေးကျော် ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူကိုအရေးယူရန် CPJ တောင်းဆို
DVB
·
August 9, 2022

ဖမ်းဆီးခံဓာတ်ပုံသတင်းထောက် ကိုအေးကျော်သေဆုံးပြီလို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် သူ့ရဲ့အခြေအနေကို ချက်ချင်းထုတ်ပြန်ပေးဖို့နဲ့ ဖမ်းဆီးထားစဉ်သေဆုံးပါက တာဝန်ရှိသူကို တရားဥပဒေနဲ့အညီ အရေးယူဖို့ နယူးယောက်ခ် အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က မြန်မာစစ်ကောင်စီကို  ဩဂုတ် ၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဓာတ်ပုံတွေရိုက်ကူးခဲ့တဲ့ အထက်မြန်မာပြည် ဓာတ်ပုံဆရာများ အသင်းဝင် ကိုအေးကျော်ကို  စစ်ကိုင်းမြို့က သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီက ဇူလိုင် ၃၀ ရက်နေ့ မနက် ၂ နာရီလောက် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

အဲဒီနေ့ မွန်းလွဲပိုင်း၊ ဖမ်းဆီးခံထားရစဉ်မှာပဲ ကိုအေးကျော်သေဆုံးခဲ့ပြီး သူ့ရဲ့အလောင်းကို စစ်ကိုင်း ဆေးရုံမှာ ထားခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ကိုအေးကျော်မိသားစုဝင်တွေကို အကြောင်းကြားခဲ့တယ်လို့ RFA သတင်းကို ကိုးကားပြီး CPJ ကဆိုပါတယ်။ 

ကိုအေးကျော်ရဲ့ အလောင်းကို ဘာသာရေးအဆောက်အဦတခုမှာ ခေတ္တရွှေ့ထားခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့မှာ သူရဲ့မိသားစုဝင်တွေက မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ကိုအေးကျော်အလောင်းရဲ့ ရင်ဘတ်နဲ့ကျောဘက်တွေမှာ အညိုအမည်း စွဲနေတဲ့ဒဏ်ရာတွေ ကိုလည်းတွေ့ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တခုက  ပြောပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုအေးကျော် ဘယ်မှာရှိနေသလဲဆိုတာရယ်၊ ဖမ်းဆီးထားစဉ်မှာ သေဆုံးခြင်းဟုတ်မဟုတ်ကို တာဝန်ရှိသူတွေက ရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့လိုကြောင်းနဲ့ တကယ်လို့ ဖမ်းဆီးထားစဉ်မှာ သေဆုံးခဲ့တယ်ဆိုရင်လည်း တာဝန်ရှိသူကို ဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ အရေးယူပြစ်ဒဏ်ပေးဖို့ CPJ ရဲ့ အရှေ့တောင်အာရှအကြီးတန်းကိုယ်စားလှယ် ရွှမ်ခရစ္စပင်က  တိုက်တွန်းပါတယ်။

ကိုအေးကျော်ရဲ့အလောင်းကိုမြှုပ်နှံတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မတင်ဖို့ မိသားစုဝင်တွေ တားမြစ်ခံထားရကြောင်း ခေတ်သစ်သတင်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး CPJ က စစ်ကောင်စီကို အီးမေးလ်ပို့ကာမေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်း၊ ကိုအေးကျော်ရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို အထက်မြန်မာပြည် ဓာတ်ပုံဆရာများအသင်းကို ဖုန်းခေါ်တာလည်း ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ CPJ က ပြောပါတယ်။

ကိုအေးကျော်ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်မှာ အသတ်ခံရတဲ့ ၄ ယောက်မြောက် သတင်းသမားဖြစ်တယ်လို့ CPJ က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024