စစ်ကိုင်းတိုင်း မြင်းမူမြို့က ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အရှိန်ဟုန်တိုးမြှင့် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသွားမယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုနေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲ ဆင်နွှဲမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး တောင်းဆိုတာမရမချင်း နေ့စဉ်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြင်းမူမြို့ သပိတ်စစ်ကြောင်းမှ ပါဝင်သူတစ်ဦးက “စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး အကြမ်းဖက်နှိပ်ကွက်မှုတွေ လုပ်ဆောင်နေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲတွေဟာလည်း ဖြစ်ပေါ်နေမှာပဲ။ တောင်းဆိုတာ မရမခြင်း နေ့စဉ် လုပ်ဆောင်နေရမှာပဲ။ ကျနော်တို့ မြို့အနေနဲ့ CDM လည်း အောင်မြင်သလောက် ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ဟာ သေချာပေါက် နိုင်ကို နိုင်ရမယ်လို့ ယုံကြည်ထားတယ်။ သပိတ်အရှိန်လည်း ဆက်လက်မြှင့်တင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ မြင်းမူမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ အင်အား ၁၀၀၀၀ ဝန်းကျင်နဲ့ မြို့တွင်းက ဗိုလ်ချုပ်ပန်းခြံနဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေလည်း ပြုလုပ်ခဲ့ကြသလို ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူ့အစိုးရထံ အာဏာပြန်အပ်ဖို့ရာ ဟောပြောတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့ပြုလုပ်တဲ့ မြင်းမူမြို့ ပင်မသပိတ်စစ်ကြောင်းအတွင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ အများပြားလည်း ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ကြတာကို တွေ့ရပါတယ်။
ရန်နိုင်စိုး