Home
မြန်မာသတင်း
မြင်းမူမြို့၌ အမျိုးသား ၁ ဦးခေါင်းဖြတ် သတ်ခံရ
DVB
·
June 18, 2023

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့ရှောင်လမ်းမှာ အမျိုးသားတယောက်  ဇွန်လ ၁၇ ရက် မနက်က ခေါင်းဖြတ်သတ်ခံရပြီး သေဆုံးရုပ်အလောင်းကို လမ်းမကြီးပေါ်‌မှာ တွေ့ရှိခဲ့တယ်လို့ နယ်ခံပရဟိတအသင်းထံက သိရပါတယ်။

ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံးသူဟာ တပင်ရွှေထီးလမ်းနေ ကိုနေဝင်းအောင် (အသက် ၃၅)နှစ် ဖြစ်ပြီး မြို့ရှောင်လမ်းမကြီးပေါ်မှာ မနက် ၈ နာရီ ၁၅ မိနစ်လောက်က အဝေးပြေးယာဉ်မောင်းတွေက အလောင်းကိုတွေ့ရှိခဲ့လို့  ကူညီကယ်ဆယ်ရေးအဖွဲ့တွေထံ ဆက်သွယ် အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဒေသခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ကားဆရာတစ်ယောက်က ဖုန်းဆက်အကူအညီတောင်းလို့ နယ်မြေခံရဲစခန်းကိုဆက်သွယ်ပြီး သွားရောက်ကူညီခဲ့တာပါ။ ခန္ဓာကိုယ်က လမ်းပေါ်မှာ လမ်းဘေးမှာတော့ ဦးခေါင်း ကိုတွေ့ပါတယ်" လို့ ပြောပါတယ်။ 

ကိုနေဝင်းအောင်ရဲ့ ရုပ်အလောင်းကို မြင်းမူမြို့ ဆေးရုံကြီးရင်ခွဲရုံသို့ မြတ်သုခ လူမှုကူညီရေးအသင်းက  ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်သူက "ရင်ခွဲရုံပို့ပြီး တစ်နာရီလောက်ကြာတော့ အိမ်ပြန်သယ်လို့ရတယ်ဆိုတာနဲ့ အိမ်ပြန်သယ်ပြီး နေ့လယ်ပိုင်းမှာ  မိသားစု ဆန္ဒအရ သင်္ဂြိုဟ်လိုက်ပါပြီ အမှုတော့ဖွင့်ထားတယ်”လို့ ပြောပါတယ်။

ကိုနေဝင်းအောင်ဟာ ယာဉ်မောင်းတစ်ယောက်ဖြစ်ပြီး ဘယ်သူက ဘာကြောင့် သူ့ကို အခုလို သတ်ဖြတ်ခဲ့တာမသိကြောင်းနဲ့  ရန်ညိုးရန်စရှိတယ်လို့ မကြားမိဘူးလို့လည်း သူ့ရဲ့  မိတ်ဆွေက ပြောပါတယ်။ 

Photo မြတ်သုခ လူမှုကူညီရေးအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024