မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူဦးရေ သောင်းချီ ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မကွေးမြို့ပေါ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆည်မြောင်းဝန်ထမ်းတွေအပါအဝင် CDM လုပ်နေတဲ့ ဌာနဆိုင်ရာတွေ၊ ဗမာ့နွေဦးတော်လှန်ရေးစစ်ကြောင်း၊ ပညာရေးကောလိပ် ကျောင်းသူ ကျောင်းသားတွေ၊ မြို့ပေါ်ပြည်သူတွေအပြင် ကျေးရွာဘက်တွေက ပြည်သူတွေပါ လာရောက်ပူးပေါင်း သပိတ်မှောက်ခဲ့ ကြပါတယ်။
လမ်းမပေါ်တွေမှာ လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့ တားဆီတာတွေရှိပေမယ့်လည်း ထိပ်တိုက်တွေ့တာမျိုး မပြုလုပ်ဘဲ လွတ်တဲ့လမ်းကြောင်းတွေကို ရွေးချယ်ပြီး ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။
မကွေးတက္ကသိုလ်ရှေ့မှာတော့ တက္ကသိုလ်ကျောင်းသား လူငယ်တွေ၊ အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေက အသွင်သဏ္ဍာန်မျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြခဲ့ ကြပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များချက်ချင်းလွှတ် ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြနေ ကြတာပါ။
သတင်း-မင်းထီး