အန်အယ်လ်ဒီပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု ပွဲကျင်းပမည်
DVB
·
August 27, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုပွဲကို လာမယ့် စက်တင်ဘာလမှာ နိုင်ငံအနှံ့ ကျင်းပသွားမယ်လို့ ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ် အစကနေ ဒီနေ့အထိ အဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူတွေဟာ အလွန်ကြီးမားတဲ့ အခက်အခဲတွေ၊ ဖိနှိပ်မှုတွေကို ရင်းနှီးပြီးမှ ခုလက်ရှိ အခြေအနေ ရရှိခဲ့တာကို အားလုံး သိစေချင်တဲ့အတွက် ငွေရတုပွဲစီစဉ် ကျင်းတာလို့ ဦးညဏ်ဝင်းက ပြောပါတယ်။
“အန်အယ်လ်ဒီဟာ အနှစ် ၂၀ ထိုင်စောင့်လို့ ဒီလို အဖြေရလာတယ်ဆိုပြီး ဒီလိုခပ်လွယ်လွယ်တွေးမှာကို အန်ကယ်တို့ စိတ်ပူတယ်။ အန်ကယ်တို့ ၂၅ နှစ် အစကနေအဆုံး အန်ကယ်တို့ပါလာတဲ့လူတွေက အလွန်ကြီးမာတဲ့ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ အလွန်ကြီးမားတဲ့ စွန့်စားမှုတွေလည်း လုပ်ရပါတယ်။ အလွန်ကြီးမာတဲ့ ဖိနှိပ်မှုဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ဒါတွေကို ရင်းပြီးတော့မှ ဒီအခြေအနေရောက်တာပါ။”
လာမယ့် အန်အယ်လ်ဒီ ၂၅ နှစ်ပြည့်ငွေရတုမှာ အဖွဲ့အချုပ်-လူငယ်တွေဦးဆောင်ပြီး ၂၅ နှစ်တာကာလ လှုပ်ရှားရုန်ုးကန်ခဲ့ရတဲ့ မှတ်တမ်းတွေ ပါဝင်မယ့် စာစောင် (သို့) မဂ္ဂဇင်းတစောင်ထုတ်ဝေဖို့ မုံရွာအောင်ရှင် ဦးဆောင်တဲ့ အယ်ဒီတာ ၉ ဦး ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဦးတင်ဦး၊ ဦးအောင်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင် ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။