မိုးလေ၀သသတင်း
DVB
·
August 21, 2013
မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လေတိုက်နှုန်း ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ ဆိုပါတယ်။ နောက် ၂ ရက်အထိ ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုနေမယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၇း၀၀ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊ ဩရိဿမြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ညနေထိ ခန့်မှန်းချက်မှာတော့ မန္တလေး၊ ပဲခူး၊ ရန်ကုန် ဧရာဝတီတိုင်းတွေနဲ့ ချင်းနဲ့ကရင်ပြည်နယ်တွေမှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။