ရွေးကောက်ပွဲနေ့၌ ပြည်သူများစိတ်လုံခြုံစွာ မဲပေးနိုင်မည့်အခြေအနေရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော  

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေရှိပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရွေးကောက်ပွဲက ၂ ပတ် တောင် မလိုတော့ဘဲ ပြင်ဆင်သင့်တာတွေ အားလုံး ပြင်ဆင်ထား ပြီးပြီလို့  အောက်တိုဘာ ၂၆ ရက်ညက ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ပြည်သူကို နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။ တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာပြီး နိုင်ငံနဲ့ ကိုက်ညီမယ့် အကောင်းဆုံးပုံစံကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံရဲ့ လိုအပ်ချက်နဲ့၊ ကျမတို့နိုင်ငံရဲ့ အရင်းအမြစ်ရှိတဲ့ အတိုင်းအတာနဲ့ဆိုရင် ဘယ်လိုပုံစံနဲ့ လုပ်ရမလဲဆိုတာ သေသေချာချာ စဉ်းစားပြီးတော့ လုပ်တာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေ ရှိပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ မဲပေးဖို့လည်း တိုက်တွန်းပါတယ်။ ဒါဟာ ကျမ ထပ်တလဲလဲပြောသလို နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်လည်းဖြစ်ပါတယ်။ အခွင့်အရေးလည်း ဖြစ်ပါတယ်။ အောင်နိုင်ဖို့ဆိုတာဟာ ရွေးကောက်ပွဲလည်း အောင်အောင်မြင်မြင်ကျင်းပနိုင်ရမယ်။ နောက်ပြီးတော့ ကိုဗစ်ရောဂါကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ရမှာပါ” လို့ ပြောပါတယ်။ ရွေးကောက်ပွဲအတွက် လိုအပ်မယ့် ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေကို တရုတ်နိုင်ငံ ကနေ လေကြောင်းခရီးနဲ့ ရောက်လာနေပြီး တတိုင်းပြည်လုံးကို လိုအပ်တဲ့နေရာတွေကို ပြည့်ပြည့်စုံစုံ ဖြန့်ချိပေးဖို့လည်း စီစဉ်ထားတယ်လို့ ပြောပါတယ်။ ကိုဗစ်ကြောင့် ဘယ်နေရာမှာမှ ဆန်မရှားပါးအောင် လုပ်ဆောင်ထားပြီး နိုင်ငံရဲ့ အခြေအနေ ကို ဆိုးဆိုးရွားရွားကြီး မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းထားတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တချို့အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အခြေအနေဟာ ကောင်းတယ်လို့ သူက ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ၂၀၁၆ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက် ဘယ်လောက်အဆင့်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရအောင်လုပ်မယ်ဆိုပြီးတော့ ရည်ရွယ်တဲ့ စီမံကိန်းတွေချထားတာ ကိန်းဂဏန်းနဲ့ဆိုရင် အခု ဒီနှစ်မှာဆိုရင် ၉၈ ရာခိုင်နှုန်းပြည့်စုံပါတယ်။ ဒီလို ကိုဗစ်ရောဂါ ဖြစ်တာတောင်မှ ကျမတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့စာရင် ၂ ရာခိုင်နှုန်းပဲ လျော့တယ်လို့ ပြောလို့ရပါတယ်။ အဲဒါကိုပိုပြီးတော့ အကောင်းဘက်က ကြည့်မယ်ဆိုရင် နောက် ၂ လတောင် ကျန်သေးတယ်။ နောက် ၂ လအတွင်းမှာ ဒီ ၂ ရာခိုင်နှုန်းလည်း ပြည့်ချင်ပြည့်သွား နိုင်တာပေါ့။ မပြည့်ဘူးဆိုရင်တောင် ဒီလိုအချိန်မျိုးမှာ ၉၈ ရာခိုင်နှုန်းအထိ အောင်မြင်တယ်ဆိုတာ အခြေအနေကို ထိန်းသိမ်းတဲ့ နေရာမှာ မဆိုးဘူးလို့ပြောရမှာပါ” လို့ ဆိုပါတယ်။ ဒါ့အပြင် မကြာခင်ရောက်လာမယ့် သီတင်းကျွတ်ကာလမှာလည်း လူစု လူဝေးမဖြစ်ဘဲ၊ ကိုဗစ်ရောဂါ အန္တရာယ်ကို မပြန့်ပွားစေဘဲ ကုသိုလ်လည်းရအောင်၊ စိတ်လည်းအေးချမ်းရအောင် ဘယ်လိုဆင်နွှဲကြမယ်ဆိုတာ အခုကတည်းက စဉ်းစားထားကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။  ဓာတ်ပုံ- State Counsellor

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up