Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတတို့အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် NUG ထုတ်ပြန်
DVB
·
August 1, 2023

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ကြေညာချက်က ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေပြီး သူတို့ရဲ့ တ ရားမဲ့အကြမ်းဖက် လုပ်ရပ်တွေအပေါ် လူထုတရပ်လုံးက အမျက်ဒေါသထွက်နေမှုနဲ့ သူတို့ရဲ့ ရှုံးနိမ့်နေမှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှုတခုသာ ဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် စွဲဆိုခဲ့တဲ့ အမှုတချို့မှာ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ဩဂုတ် ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့အပြီးမှာ ခုလိုတုံ့ပြန်လိုက်တာပါ။

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဘယ်လိုပြစ်မှုတစုံတရာကိုမှ ကျူးလွန်ခဲ့ခြင်းမရှိဘဲ တဖက်သတ် လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရတာ ဖြစ်ကာ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်အားလုံးဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိတဲ့အပြင် မတရားသဖြင့် ချမှတ်ခံထားရတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံတဝန်း မတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတဲ့ နိုင်ငံသား တွေအားလုံးဟာ ခြွင်းချက်မရှိပဲ ချက်ချင်း လွှတ်ပေးရမယ့်သူတွေဖြစ်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ အမိန့်တွေဟာလည်း အရင်ကတည်းက ပျက်ပြယ်ပြီး ဖြစ်တယ်လို့ NUG အစိုးရ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စု အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အပြစ်မဲ့ နိုင်ငံသားတွေအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်အသီးသီးကို ပယ်ဖျက်ပြီး ခြွင်းချက်မရှိဘဲ ချက်ချင်းလွှတ်ပေးရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကနေ့မှာတော့ နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့  အကျဉ်းသား အကျဉ်းသူ ၇၇၄၉ ဦးကို အကြမ်းဖက်စစ်အုပ်စုက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုတယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည်ကျခံနေရတဲ့ အမှု ၁၉ မှုထဲကနေ ၅ မှုကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သလို သမ္မတ ဦးဝင်းမြင့်ရဲ့ အမှု ၈ မှုထဲကနေ အမှု ၂ ခုကို လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားအကျဥ်းသား ၁၂၅ ဦး၊ MNDAA, AA, TNLA  စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက   ၂၂ ဦးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်သူ ၇၂ ဦးကိုလည်း ပြန်လွှတ်ပေးတယ်လို့သိရပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးတွေက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေအနက်  ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၇/၂၀၂၁၊ ၇၁/၂၀၂၁၊ ၃၈/၂၀၂၁၊ ၄၅/ ၂၀၂၁ တို့နဲ့ ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်ဒဏ်ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၉၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ကြောင်းလည်း စစ်ကောင်စီက သီးခြားထုတ်ပြန်ကြေညာပါတယ်။

အလားတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးတွေက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေအနက် ရာဇတ်မှုကြီးအမှတ်  ၃၅/ ၂၀၂၁ နဲ့ ၃၆/၂၀၂၁ တို့နဲ့ ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်ဒဏ်ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၉၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ကြောင်းလည်း စစ်ကောင်စီက သီးခြားထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့်တို့အပေါ် ပြစ်ဒဏ်အချို့ လွတ်ငြိမ်းခွင့်ပေးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ ၅၀၅(ခ)အမှု၊ သဘာ၀ဘေးအန္တရာယ်စီမံအမှု၊ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးအမှုတွေအတွက် ၆ နှစ် ပြစ်ဒဏ်လျှော့ပေါ့နဲ့  သမ္မတဦး ၀င်းမြင့်အပေါ် ပြစ်ဒဏ်ချတ်ထားတဲ့ သဘာ၀ဘေးအမှုနဲ့ ၅၀၅(ခ)အမှုအတွက် ၄ နှစ် ပြစ်ဒဏ် လျှော့ပေါ့ဖို့ ရှိတယ်လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

စစ်ကောင်စီဟာ ထိမ်းအမှတ်နေ့တွေရောက်တိုင်း အကျဉ်သားတွေ ပြန်လွှတ်လေ့ရှိရာမှာ လွတ်ရက်စေခါနီး နိုင်ငံရေးအမှုထောင်ကျခံနေရသူအနည်းငယ်သာပါဝင်ပြီး အများစုက   ခိုးဆိုးလုနှိုက်နဲ့ အကျဉ်းကျနေသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်ကလည်း နိုင်ငံဝန်း အကျဉ်းထောင် အသီးသီးကနေ အကျဉ်းသား ၁၅၇၇ ယောက် လွှတ်ပေးခဲ့ပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ ပါဝင်တာ မရှိဘူးလို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် တခြားခေါင်းဆောင်တွေကို စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) ၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ၊ ရွေးကောက်ပွဲ မသမာမှု ၊  ရဟတ်ယာဉ်အမှုနဲ့ ဆက်နွှယ်တဲ့  အဂတိအမှုတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ်  စုစုပေါင်း ၁၂  နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

ဦးဝင်းမြင့်ကို နေပြည်တော်ရှိ သီးခြားနေရာတစ်ခုမှာ နေအိမ်အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားကနေ ၂၀၂၃ ဇန်နဝါရီ ၁၄ ရက်မှာ  တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ အကျဉ်းချထားပြီး မကြာသေးခင်က ဦးဝင်းမြင့်ရဲ့ ကျန်းမာရေး ဆိုးရွားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း  စစ်ကောင်စီက  အမှု ၁၉ မှုနဲ့ စွပ်စွဲပြီး  ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024