ပြည်တွင်း ပဲစင်းငုံဈေး မြင့်တက်

အိန္ဒိယအစိုးရက ပဲစင်းငုံ ဝယ်ယူတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းက ပဲစင်းငုံဈေးနှုန်း အခုနှစ်အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိလာတယ်လို့ မန္တလေး ပဲကုန်သည်တွေဆီက သိရပါတယ်။ စိုးဝင်းမြင့် ပဲပွဲရုံပိုင်ရှင်က “အိန္ဒိယကနေပြီးတော့ တန်ချိန် ၄ သိန်း ပြည်ပကနေ ဝယ်မယ်ဆိုပြီးတော့ အမိန့်တရပ် ထွက်လာတယ်ပေါ့။ သူတို့အစိုးရအနေနဲ့ ထွက်လာပြီးတော့ ဒီခွဲတမ်းထဲမှာ မြန်မာပြည်လည်း ပါတယ်၊ ဝယ်ရမယ်လို့ ပါတယ်။ ပါတဲ့အတွက်ကြောင့် အချိန်ကန့်သတ်ချက် ရှိတာပေါ့လေ။ အချိန်ဆွဲရင် ဈေးတွေလည်း တက်သွားမှာ စိုးရိမ်တဲ့အတွက် အခုကြေညာတဲ့အချိန်ကနေပြီးတော့ တလအတွင်းကို အရောက်ပို့ရမှာ။ အဲဒါကြောင့်မို့လို့ ပဲစင်းငုံဈေးက ဝုန်းဒိုင်းနဲ့ ရုတ်တရက် ထတက်ကုန်တာ၊ အခုဆို ၉ သောင်းခွဲ အရောင်းအဝယ် ဖြစ်နေပါတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းလောက်က ပဲစင်းငုံ ၃ တင်းဝင် ၁ အိတ်ကို ကျပ်ငွေ ၆ သောင်းခွဲ ၇ သောင်းဝန်းကျင်ရှိခဲ့ရာက အောက်တိုဘာ ၁၄ ရက်နေ့ကစတင်ပြီး ဈေးနှုန်း မြင့်တက်လာကာ ၃ တင်းဝင် ၁ အိတ်ကို ငွေကျပ် ၉ သောင်းခွဲ ဈေးနှုန်းအထိ မြင့်လာတာလို့ ဦးစိုးဝင်းမြင့်က ပြောပါတယ်။ “ဒီ ၆ သောင်းခွဲနဲ့ ၇ သောင်းကြားလောက်ကို  ဈေးက ပတ်ချာလည်လိုက်နေတာ၊ နည်းနည်းလေး တက်လိုက်၊ နည်းနည်းလေး ကျလိုက်နဲ့ အကြိမ်ကြိမ် ဖြစ်နေတာ။ အောက်တိုဘာလဆန်းလောက်ကျတော့ နည်းနည်း တရိပ်ရိပ်ပြန်တက်လာတာ၊ တရိပ်ရိပ် ပြန်တက်လာပြီးတော့ကျမှ အခုဒီနေ့ဆိုရင် ဈေးက ထိုးတက်လာတာ ၇ သောင်းလောက်ကနေပြီးတော့ ပိဿာချိန် ၆၀ ဝင် ၃ တင်း ၁ အိတ်ကို ဈေးက ၉ သောင်းခွဲထိ ဒီနေ့ရောက်လာတယ်” လို့ ပြောပါတယ်။ အိန္ဒိယက လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ပဲစင်းငုံတန်ချိန် ၄ သိန်း ဝယ်ယူမှာဖြစ်ပြီး  တင်သွင်းမှုကို နိုဝင်ဘာ ၁၅ ရက်နေ့အမီ အိန္ဒိယ ဆိပ်ကမ်းကို အရောက်တင်သွင်းရမယ်လို့ ကြေညာထားပါတယ်။ မတ်ပဲ တင်သွင်းခွင့်ကို ၂၀၂၁ ခုနှစ် မတ်လကုန်အထိ သတ်မှတ်ပေးထားပေမဲ့ ပဲစင်းငုံကိုတော့ နိုဝင်ဘာ ၁၅ ရက်နေ့အမီ တင်သွင်းရမယ်လို့ DGFTက ကြေညာထားပါတယ်။ ပဲစိမ်းငုံက ဆောင်းသီးနှံတွေအနေနဲ့ တစ်နှစ် တစ်ကြိမ်သာ စိုက်ပျိုးရတာဖြစ်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာလည်း စမ်းသပ်စိုက်မျိုးမှု အောင်မြင်နေတယ်လို့ သိရပါတယ်။ သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - လမင်းကျော် ပဲမျိုးစုံရောင်းဝယ်ရေး၊ ဝင်းဝင်းပွဲရုံ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up