Home
မြန်မာသတင်း
ပြည်တွင်းစားသုံးဆီဈေး ဆက်လက်မြင့်တက်
DVB
·
November 20, 2023

နိုဝင်ဘာလ ၂၀ ရက်မှ  နိုဝင်ဘာလ ၂၇ ရက် အထိ တပတ်စာ စားသုံးဆီရည်ညွှန်းဈေးဟာ တပိဿာ ကျပ် ၃၁၀ လောက် မြင့်တက်သွားပြီး ၄၉၉၀ ကျပ်အထိရှိလာတယ်လို့ ရန်ကုန်မြို့ဆီဆိုင်တွေက ပြောပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ် စားသုံးဆီရည်ညွှန်းဈေးကို ၄၆၈၀ ကျပ်ကနေ ၁ ပိဿာကို ၄၉၉၀ ကျပ်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ 

ပြည်တွင်းစားသုံးဆီဈေးဟာ အောက်တိုဘာလ တတိယအပတ်ကနေ စတင်ဈေးမြင့်လာခဲ့တာဖြစ်ပြီး နိုဝင်ဘာလ  ၆ ရက်နေ့မှာ ရည်ညွှန်းဈေးဟာ ကျပ် ၄၅၆၀အထိ ဖြစ်ခဲ့ပါတယ်။ 

ရန်ကုန်မြို့ စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်တဦးက “ဒီတပတ် ၃၀၀ ကျော်ထပ်တက်သွားတယ်။ လက်လီဆို ၅၅၀၀၊ တချို့နေရာမှာ ၅၆၀၀၊ ၅၇၀၀ အထိ ရောင်းတယ်။ ၅၀ သားကတော့ ပုံမှန်ရောင်းပေးပါတယ်။ ဆီအချများတဲ့ အပတ်ဆို ၁ ပိဿာအထိ ပေးတယ်။ တုံကင်စနစ်နဲ့ သွားပါတယ်” လို့ ဆိုပါတယ်။

ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ပြီး အခြေခံတွက်ချက်တာလို့ သိရပြီး ရည်ညွှန်းဈေး ရာဂဏန်းတက်လာတာကြောင့် အကန့်အသတ်နဲ့သာ ရောင်းချပေးနေတဲ့ ၁ ပိဿာ လက်လီဈေးဟာ ကျပ် ၅၅၀၀ ကျော်အထိ မြင့်တက်နေပါတယ်။

အိမ်ရှင်မတဦးက “ဆီက အမြဲတက်နေတာပဲ။ ဆီတန်းရတဲ့နေ့ဆို ဆီရမယ်။ လိုတဲ့နေ့ဆို ဈေးထဲက တပိဿာဈေးနဲ့ ဝယ်ရတယ်။ အပြင်မှာ ၇၀၀၀။ အရင်ကလို တဆယ်သား နှစ်ဆယ်သား ဝယ်ရင် မရောင်းပေးဘူး” လို့ ဆိုပါတယ်။ 

လက်လီရောင်းချမှုကို စားသုံးဆီအရင်းဈေးနှုန်းရဲ့ အမြတ်‌ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ်ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024