မိတ္ထီလာတွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၆ ဦးကို အလုပ်မဲ့ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
September 9, 2020

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ ညမထွက်ရ ဒေသန္တအမိန့်ကို ဖောက်ဖျက်သူ ၆ ဦးကို မိတ္ထီလာမြို့နယ်တရားရုံးက အလုပ်မဲ့ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
စက်တင်ဘာ ၈ ရက်က မိတ္ထီလာမြို့မရဲစခန်းအပိုင်မှာ ညမထွက်ရ ဒေသန္တအမိန့်အား ဖောက်ဖျက်သူ ၃ဦးနဲ့ မိတ္ထီလာအမှတ်(၃)ရဲစခန်း အပိုင်မှာ ညမထွက်ရ ဒေသန္တအမိန့်အား ဖောက်ဖျက်သူ ၃ ဦး စုစုပေါင်း ၆ ဦးကို လှည့်ကင်းက ဖမ်းဆီး အရေးယူလိုက်တာလို့ မိတ္ထီလာအမှတ်-၃ ရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လှမိုး(ခ)ရဲမင်းထွန်းအပါ ၃ ဦးကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး မိတ္ထီလာမြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာမှာ မိတ္ထီလာမြို့နယ်တရားရုံးက ပြည့်သူဝန်ထမ်းကထုတ်ပြန်ထားတဲ့ အမိန့်အား ဖီဆန်ခြင်း ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အလုပ်မဲ့ ထောင်ဒဏ် ၁လစီ ချမှတ်ခဲ့ပါတယ်။
အလားတူ အောင်ကျော်ဇောအပါ ၃ ဦးကိုလည်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာမှာ ရာဇသတ်ကြီးပုဒ်မ ၁၈၈နဲ့ အလုပ်မဲ့ ထောင်ဒဏ် ၁လစီ ချမှတ်ခဲ့ပါတယ်။
မိတ္ထီလာမြို့နယ်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါက ကူးစက်ပြန့်ပွားမှု မရှိစေရေးနဲ့ အချိန်မီ ထိမ်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မှအပ ညမထွက်ရ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလအတွင်းမှာပဲ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း သွားလာတာကြောင့် အလုပ်မဲ့ ထောင် ၁ လ ကျခံရသူ ၁၀ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
သတင်း-မောင်မောင်လင်း