မြဝတီမြို့တွင် ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၆၀၀ ကျော်ကို အရေးယူ
DVB
·
May 28, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဧပြီ ၂၂ ရက်မှ မေလ ၂၆ ရက်အထိ ညမထွက်ရအမိန့်ကို မလိုက်နာဘဲ ချိုးဖောက်သူ ၆၂၉ ဦးကို အရေးယူထားပြီး ကျူးလွန်သူတွေထဲမှာ ခိုးဆိုးလုနိုက်သူတွေလည်း ပါဝင်တယ်လို့ မြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။
မြဝတီမြို့ရပ်ကွက် (၅) ခုအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်(BGF)၊ တခြားလက်နက်ကိုင်အဖွဲ့နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ပူးပေါင်းပြီး ကင်းလှည့် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ခဲ့သူ ၆၀၀ ကျော်ကို အရေးယူခဲ့ရာမှာ ဒဏ်ငွေ ကျပ် ၅၀၀၀ ပေးဆောင်သူ ၄၈၉ ဦးရှိပြီး ဒဏ်ငွေ မပေးဆောင်နိုင်လို့ ထောင်ဒဏ်ကျခံရသူ ၁၄၀ ဦး ရှိ တယ်လို့ မြဝတီရဲစခန်းက သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ညမထွက်ရအမိန့်ကို မေလကုန်တဲ့အထိ သတ်မှတ် ထားတာဖြစ်ပြီး ဒီကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ် ဖောက်ကားသူ၊ လောင်းကစားသူတွေနဲ့ ခိုးသူတွေ မကြာခဏ ဖမ်းဆီးမိတာတွေရှိနေပါတယ်။
မြဝတီမြို့မှာ မြန်မာနိုင်ငံအနှံ့အပြားက ရောက်ရှိလာသူတွေ၊ ထိုင်းနိုင်ငံကနေ အလုပ်လက်မဲ့ဖြစ်ပြီး ပြန်လာသူတွေနဲ့ လူဦးရည်ထူထပ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် အပန်းဖြေစခန်းနဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ သောင်းချီရှိနေတာပါ။
ဖိုးစီ