Home
မြန်မာသတင်း
ပိုးတွေ့လူနာ သင်္ဘောသား ၃ ဦးကို ကော့သောင်းခရိုင်ဆေးရုံ သီးသန့်ဆောင်သို့ ပို့ဆောင်
DVB
·
August 31, 2020
ကော့သောင်းမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ နေရပ်ပြန်မြန်မာသင်္ဘောသား အမျိုးသား ၃ ဦးကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး၊ သီးသန့်ဆောင်မှာ အထူးကြပ်မတ် ကုသမှုခံယူနိုင်ဖို့ သြဂုတ်လ ၃၀ ရက်နေ့က ပို့ဆောင်ပေးခဲ့တယ်လို့ ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုကြီးက ပြောပါတယ်။ ပိုးတွေ့လူနာ သင်္ဘောသားတွေဖြစ်တဲ့ လူနာအမှတ် ၇၄၇ နဲ့ အမှတ် ၇၄၈ တို့မှာ ဩဂုတ် ၁၉ ရက်က တောင်အာဖရိကနိုင်ငံကတဆင့် ဝင်ရောက်လာတဲ့ MV-KOUYOU သင်္ဘောမှတာဝန်ပြီးဆုံးပြီး ဆင်းလာတဲ့ ၁၉ ဦးအဖွဲ့က ဖြစ်ပြီး အမှတ်  ၇၄၉ ကတော့  ဩဂုတ် ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံ မှတဆင့် ဝင်ရောက်လာတဲ့ MT STEADFAST သင်္ဘောက ဆင်းလာတဲ့ ၁၄ ဦးအဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။ ပြန်လည်ဝင်ရောက်လာတဲ့ ​သင်္ဘောသားတွေကို Hotel Quarantine ထားရှိ ကန့်သတ် စောင့်ကြည့်ရာမှ ရောဂါပိုး စစ်ဆေးတွေ့ရှိရတာဖြစ်ပြီး ကော့သောင်းဒေသခံတွေ မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ နေထိုင်ကြသူတွေ ဖြစ်တယ်လို့သိရပါတယ်။ ရောဂါပိုးတွေ့ရှိသူ သင်္ဘောသား ၃ ဦးကို မနေ့က မွန်းလွဲပိုင်းမှာ ကော့သောင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ အစီစဉ်နဲ့ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့က လူနာတင်ယာဉ်တွေနဲ့ Quarantine စခန်းဖြစ်တဲ့ ဟိုတယ်အသီးသီးမှ ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ ပိုးတွေ့လူနာ ၃ ဦးမှာ ကျန်းမာရေး ကောင်းမွန်နေပြီး ရောဂါလက္ခဏာမပြသေးဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောပါတယ်။ ပိုးတွေ့လူနာ ၃ ဦးနဲ့ ထိတွေ့မှုရှိခဲ့တဲ့  ဟိုတယ်ဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်းအယောက် ၄၀ လောက်ကိုလည်း ကွာရန်တင်းထားရှိပြီး  ဓာတ်ခွဲနမူနာရယူ စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024