စစ်ကောင်စီက လစာဝင်ငွေအပေါ် အခွန်အတင်းအကျပ် ဆောင်ခိုင်းနေတာကြောင့် အခက်တွေ့နေပြီး လုပ်ငန်းအပေါ် စိတ်ပျက်မှုတွေ ရှိလာနေတယ်လို့ ပင်လယ်ကူးသင်္ဘောသား အသိုင်းအဝိုင်းထံက သိရပါတယ်။
ပင်လယ်ကူးသင်္ဘောသားတွေကို လစာရဲ့ ၂ ရာခိုင်နှုန်း အခွန်ဆောင်ခိုင်းနေပြီး အခွန်ဆောင်ပြီးဖြစ်ကြောင်း စာရွက်အထောက်အထားပါမှ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာ ခွင့်ပြုတော့မယ်ဆိုတာကြောင့် စစ်ကောင်စီကို ပိုက်ဆံမပေးချင်ဘဲ ပေးသွင်းနေကြရတယ်လို့ သူတို့ကဆိုပါတယ်။
လက်ရှိသင်္ဘောလိုက်နေတဲ့ ပင်လယ်ကူးသင်္ဘောသားတဦးက “အများစုက စစ်ကောင်စီကို ပိုက်ဆံမသွင်းချင်ကြဘူး။ အရပ်သားအစိုးရဆိုရင် အခွန်ပျော်ပျော်ကြီးဆောင်ကြမယ့်သူတွေ။ အခုက အကျပ်ကိုင်ထားတော့ မပေးချင်လည်း ပေးရမယ့် အခြေအနေဖြစ်နေတာ။”
သင်္ဘောသားတွေအနေနဲ့ လစာကိုလည်း ချုပ်ကိုင်ခံထားရပြီး ပြင်ပပေါက်စျေးထက် လျော့နည်းတဲ့ ဘဏ်စျေးနဲ့ပဲ ရရှိနေသလို အခု အခွန်ပါ ထပ်ဆောင်းပေးသွင်းရမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သင်္ဘောသားတဦးက ဆိုပါတယ်။
“လစာဆိုရင် သင်္ဘောလိုင်းကုမ္ပဏီကပဲ ဘဏ်ပေါက်စျေးနဲ့ ရှင်းပေးတာ။ ကိုယ်တွေလက်ထဲ နိုင်ငံခြားငွေက အများကြီး ကိုင်ထားလို့က မရဘူး။ တခုပြီးတခုကျပ်လာလို့ ဒီလုပ်ငန်းက လုပ်ဖို့ကို မကောင်းတော့ဘူး။”
ပင်လယ်ကူးသင်္ဘောသားတွေကို စစ်ကောင်စီက ဝင်ငွေခွန် ခြောက်လစာ ဆောင်ထားဖို့ ညွှန်ကြားထားတာနဲ့ ပတ်သက်လို့ အခွန်ရုံး တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံ ညှိနှိုင်းထားတာရှိတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ထုတ်ပြန်ထားပါတယ်။
အခုမှ အလုပ်စဝင်မယ့် သင်္ဘောသားတွေ၊ ပုံမှန် သင်္ဘောမလိုက်နိုင်သူတွေအတွက် ပြန်လည်သုံးသပ်ပေးဖို့ တင်ပြထားပြီး သင်္ဘောသားတွေကို ဝင်ငွေခွန်ကောက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂ ရက် MSF ရုံးမှာ တွေ့ဆုံဆွေးနွေးပွဲ လုပ်သွားဖို့ရှိတယ် ဆိုပြီးလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပင်လယ်ကူးသင်္ဘောသား ၆၀,၀၀၀ နီးပါး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ အဲဒီလုပ်ငန်း အသိုင်းအဝိုင်းထံက သိရပါတယ်။