ပို့ကုန်နှင့် သွင်းကုန်အားလုံးကို ကြိုတင်ခွန် ၂ ရာခိုင်နှုန်း ကောက်ခံမည်
DVB
·
June 5, 2013
ပြည်တွင်းအခွန်များဦးစီးဌာနဟာ လာမယ့် ဇွန် ၁၄ ရက်နေ့ကစပြီး ပြည်ပပို့ကုန်နဲ့ သွင်းကုန်အားလုံးအတွက် ကြိုတင်ခွန် ၂ ရာခိုင်နှုန်းစီ ကောက်ခံတော့မယ်ဖြစ်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဒီလို ကြိုတင်ခွန်ကောက်ခံတာဟာ ပုံမှန်ကုန်သွယ်ရေးလုပ်ငန်းကတင်မက နယ်စပ် ကုန်သွယ်ရေးက ပို့ကုန်နဲ့ သွင်းကုန်အားလုံးလည်း အကျုံးဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သွင်းကုန်အတွက် ကြိုတင်ခွန် ကောက်ခံရာမှာ ကောက်ခံတဲ့နေ့ ငွေလဲနှုန်းအတိုင်း ကျပ်ငွေနဲ့ပဲ ကောက်ခံမယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ၊ အမ်အိုင်စီ (မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်) ခွင့်ပြုမိန့်နဲ့ ကနဦး တည်ဆောက်ရေးကာလအတွက် တင်သွင်းလာတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ပြည်တွင်းနဲ့ ပြည်ပအဖွဲ့အစည်းက လှူဒါန်းတဲ့ပစ္စည်းတွေ၊ မီးသတ်ယာဉ်၊ နာရေးယာဉ်နဲ့ လူနာတင်ယာဉ် စတာတွေကိုတော့ အခွန်စည်းကြပ်မှုက ကင်းလွတ်ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။