Homeမြန်မာသတင်း
မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးအတွက် တရားမျှတမှုရရှိရေး ရခိုင်အဖွဲ့ ၁၀၀ ကျော်တောင်းဆို
မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးအတွက် တရားမျှတမှုရရှိရေး ရခိုင်အဖွဲ့ ၁၀၀ ကျော်တောင်းဆို
ဝဏ္ဏခွာညို
·
July 28, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာက မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးအတွက် တရားမျှတမှုရရှိဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်က ဇူလိုင် ၂၇ ရက်က သဘောထား ထုတ်ပြန်ချက်ပြန် တောင်းဆိုလိုက်ပါတယ်။
မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးအတွက် တရားမျှတမှုရရှိရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အပါအဝင် လွတ်လပ်ပြီးဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့က အမြန်ဆုံးစစ်ဆေး ဖော်ထုတ်ပေးဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ဝံလက်ဖောင်ဒေးရှင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ ကျနော်တို့က ကာယံရှင်ဘက်က အမှုဖြစ်စဉ်မှာ တရားမျှတမှုကို ရစေချင်လို့ပါ။ အမှုဖြစ်စဉ်မှန်မှန် ကန်ကန်ဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်တာဖြစ်ပါတယ်” လို့ပြောပါတယ်။
ဇွန်လ ၃၀ ရက်က ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာကို ရောက်ရှိလာတဲ့ တပ်မတော်စစ်ကြောင်းမှ တပ်မတော်သား ၃ ဦးက ည ၁၁ နာရီလောက်မှာ ဗုံးခိုကျင်းထဲမှာ ရှိနေတဲ့ အသက် ၃၆ နှစ်အရွယ် ကလေး ၄ ဦး မိခင်ဖြစ်သူကို သေနတ်ထောက်ခေါ်ထုတ်ပြီး အိမ်ဘေးနားက အဆောင်တစ်ခုမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက မီဒီယာတွေကို ပြောပါတယ်။
မုဒိမ်းကျင့်ခံရတဲ့ ကာယကံရှင်ကိုယ်တိုင်က တရားမျှတမှုရရှိရေးနဲ့ အမှုမှန်ပေါ်ပေါက်စေဖို့ ဇူလိုင် ၁၀ ရက်နေ့က စစ်တွေမြို့ မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ပုဒ်မ ၃၆၆၊ အတင်းဓမ္မသွေးဆောင်ခေါ်ယူမှု၊ ပုဒ်မ ၁၄၄ ပြစ်မှုကျူးလွန်ဖို့အတွက် အားပေးဖို့ ပုဒ်မတွေနဲ့ အမှုဖွင့် တိုင်တန်းခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်သက်ပြီးတော့ တပ်မတော်ဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ရခိုင်ပြည်နယ်ရှိ အမျိုးသမီးတွေဟာ မုဒိမ်းမှုအပါအဝင် တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေရတာကြောင့် အမျိုးသမီးတို့ရဲ့ဘဝလုံခြုံမှုကင်းမဲ့နေတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ အဖွဲ့အစည်း ၁၀၀ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်းနဲ့ နောင်မှာ မုဒိမ်းမှုအပါအဝင်တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုတင်ကာကွယ်တားဆီး လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။