Home
မြန်မာသတင်း
ရှမ်းပြည်နယ်အတွင်း သတ်ဖြတ်ခံရသူများအတွက် အမှန်တရားနှင့် တရားမျှတမှုရှိရေး ရှမ်းအဖွဲ့ ၁၅ ဖွဲ့ တောင်းဆို
DVB
·
March 17, 2022

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် TNP တအာင်းအမျိုးသားပါတီဥက္ကဋ္ဌ သေဆုံးမှုဖြစ်စဉ် အပါအဝင် ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ ပဋိပက္ခကြားက လူသတ်မှုတွေအတွက်  အမှန်တရားနဲ့ တရားမျှတမှုရှိရေး ဖော်ထုတ်အရေးယူပေးဖို့  ရှမ်းလူမှုအခြေပြုအဖွဲ့ အစည်းပေါင်း ၁၅ ဖွဲ့က မတ်လ ၁၆ ရက်မှာ တောင်းဆိုပါတယ်။ 

မိုင်းကိုင်မြို့နယ် TNP တအာင်းအမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် မိသားစု ၃ ဦးတို့ဟာ   လမ်းခရီးတစ်ခုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် ၃ လတာ ပျောက်ဆုံးနေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သတ်ဖြတ်ခံထားရတဲ့ အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့လို့ ဈာပန ကျင်းပခဲ့ပါတယ်။ 

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်း ပြည်ပ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့တို့က အထူးဝမ်းနည်းမိကြောင်း ၊ အခုလို တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး မိုင်းနုမ်ဟန်သေဆုံးမှုဖြစ်စဉ်မှာ အမှန်တရားနဲ့ တရားမျှတမှုကိုအမြန်ဆုံးရရှိဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ 

အလားတူ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း - နမ့်ဖတ်ကာ ကားလမ်းမှာလည်း ရှမ်းလူငယ် ၆ ဦး အမည်မသိသေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်ခံရတာ၊ ကျောက်မဲ ရွှေကျင်ကျောင်းတိုက်ဆရာတော်၊ လားရှိုး ခေးနင်းကျောင်းထိုင်ဆရာတော်တို့ လုပ်ကြံခံရတာ၊ ကျောက်မဲခရိုင် NLD ရွေးကောက်ခံကိုယ်စားလှယ် ဦးထိုက်ဇော် အပစ်ခံရတာ စတဲ့  အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရတာတွေအတွက် တရားမျှတမှုတွေဟာ ခုထိပျောက်ဆုံးနေတုန်းပဲလို့ ဆိုပါတယ်။ 

ဒါကြောင့် မိုင်းနုမ်ဟန်နဲ့ မိသားစု သေဆုံးမှုကအစပြုပြီး ရှမ်းပြည်နယ်ထဲက မတရားသတ်ဖြတ်ခံခဲ့ရတဲ့ တရားခံမဲ့လူသတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုရှိဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာ ပူးတွဲစုံစမ်းရေးကော်မတီကို ဖွဲ့စည်းပြီး တာဝန်ရှိတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ဖော်ထုတ်အရေးယူကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နောက်နောင် ရှမ်းပြည်ထဲက ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်ကျူးလွန် သတ်ဖြတ်တာတွေလည်း လုံးဝမလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

အဆိုပါရှမ်းအဖွဲ့အစည်း ၁၅ ဖွဲ့ထဲမှာ ပြည်တွင်းထဲက ရှမ်းလူငယ်အဖွဲ့အစည်း၊ နိုင်ငံတကာရှမ်းလူငယ်အဖွဲ့၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ထိုင်းရောက်ရှမ်းလူငယ်အဖွဲ့ ၊ ထိုင်းမှာ ပညာသင်ကြားနေကြတဲ့ ရှမ်းသံဃာတော်များအဖွဲ့ ၊ ပြည်တွင်း ပြည်ပ ရှမ်းလူမှုအခြေပြုအဖွဲ့နဲ့ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းတို့  ပါဝင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024