ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှု ကုလသမဂ္ဂ ကြိုဆို

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြီး သဘောတူညီချက်တွေ ရရှိခဲ့တဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပြီး နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်ပါတယ်။ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တွေအကြား  ပထမဆုံးအကြိမ် မြစ်ကြီးနားမြို့မှာ ကျင်းပနိုင်ခဲ့တဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲအပြီးမှာ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ခုလို ကြိုဆို ကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး မစ္စတာ ဗွီဂျေးနမ်ဘီးယားလည်း တရုတ်သံရုံးနဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေက  ကိုယ်စားလှယ်တွေနဲ့အတူ ဆွေးနွေးပွဲကို သွားရောက်ပြီး  လေ့လာသူအဖြစ် စောင့်ကြည့်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ နှစ်ဘက် သဘောတူညီမှုရခဲ့တဲ့ အချက် ၇ ချက်ဟာ ထူးခြားတဲ့ အောင်မြင်မှုဖြစ်ပြီး တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ စစ်မှန်တဲ့ လုပ်ငန်းစဉ်တွေ အတွက် အခြေခံလမ်းခင်းပေးလိုက်တာပဲလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ  ပဋိပက္ခတွေ လျော့ချရေးနဲ့ ရေရှည်ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်မယ့် ကျယ်ပြန့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကုလသမဂ္ဂအနေနဲ့ ဆက်ပြီး ပံ့ပိုး အားပေး သွားမယ်လို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အလေးထား ပြောကြားပါတယ်။

More News
Up