မြန်မာနိုင်ငံက လေယာဉ်မတော်တဆမှု နိုင်ငံတကာထက် ၃၉ ဆ ပိုများနေ
DVB
·
May 28, 2013
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆမှုတွေဟာ နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တာနဲ့ နှိုင်းယှဉ်ရင် ၃၉ ဆ လောက်များနေတယ်လို့ မြန်မာ့လေကြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေထွန်းက ပြောတယ်လို့ ဒီနေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။
မေ ၂၇ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆွေးနွေးပွဲမှာ သူက ခုလို ပြောဆိုလိုက်တာပါ။ ဒါဟာ လေယာဉ် ပျံသန်းမှု အခေါက်ရေ ၁ သန်းအတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေကို ကမ္ဘာ့စံချိန်နဲ့ တွက်ချက်ခြင်း ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လေယာဉ်မတော်တဆ ၅ ကြိမ်နဲ့ ရဟတ်ယာဉ် မတော်တဆ ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မတော်တဆမှုတွေမှာ မြန်မာ့လေကြောင်းက လေယာဉ် ၂ စင်း၊ အဲပုဂံက ၂ စင်း၊ အဲကမ္ဘောဇ က ၁ စင်း ပါဝင်ပါတယ်။