အန်အယ်လ်ဒီရုံးကို လက်နက်ဖြင့် ၀ိုင်းသည့်ကိစ္စ ရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြ
DVB
·
May 23, 2013
ရှမ်းပြည်နယ် တောင်ကြီးမြို့ မောက်စံကျေးရွာ အန်အယ်လ်ဒီရပ်ကျေးရုံးကို လက်နက်ကိုင် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ၀ိုင်းတဲ့ကိစ္စ၊ ဆတ်သေရွာသား အန်အယ်လ်ဒီ ပါတီဝင် ၅၈ ဦးကို ဖိအားပေးနုတ်ထွက်ခိုင်းတဲ့ကိစ္စ စတာတွေကို တားမြစ်ပေးဖို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဆီ စာတင်ထားကြောင်း ပြည်နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် လက်နက်နဲ့ ၀ိုင်းသူတွေဟာ ပြည်သူ့စစ်တွေ ဖြစ်တဲ့အတွက် တောင်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌကလည်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ကွပ်ကဲရေးဌာန တာဝန်ရှိသူကို ဒီကိစ္စ အရေးယူပေးဖို့ စာရေး အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၆ ရက်နဲ့ ၁၈ ရက်နေ့တွေက ပအိုးအမျိုးသားအဖွဲ့ချုပ် ပြည်သူ့စစ် ကွပ်ကဲရေး လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင် တချို့ဟာ အန်အယ်လ်ဒီပါတီရဲ့မောက်စံကျေးရွာရုံးကို ၀ိုင်းတာနဲ့ အန်အယ်လ်ဒီပါတီဝင်တွေကို ဖိအားပေး နုတ်ထွက်ခိုင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။