Home
မြန်မာသတင်း
ဖားကန့်တွင်မြေပြိုပြီး လူအများအပြားသေဆုံးမှု နိုင်ငံအတွက် ဝမ်းနည်းစရာဖြစ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
July 3, 2020
105848098_1627809290710895_7915918113834348340_o
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ  ရာနဲ့ချီ သေဆုံးခဲ့ရမှုနဲ့  ပတ်သက်လို့ နိုင်ငံအတွက် ဝမ်းနည်းစရာဖြစ်တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကပ်ဘေးနဲ့ ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုတွေနဲ့ စပ်လျဉ်ပြီး ဒီကနေ့ အွန်လိုင်းကနေပြုလုပ်တဲ့  ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ "အားလုံးပဲသိတဲ့အတိုင်းပဲ ဝမ်းနည်းစွာနဲ့ ဒီဖားကန့်ကိစ္စကို ကြားကြပြီးသားဖြစ်မှာပါ။ ဖားကန့်ကိစ္စက ပထမဦးဆုံးကတော့ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်တယ်။ တစ်ခုကလည်း ကျမတို့ ပြည်သူတွေ၊ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲမှုနဲ့ ပတ်သက်နေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်တယ်။ ဖားကန့်ကိုသွားပြီးကျောက်တူးတယ်ဆိုတာ တော်တော်များက အသက်မွေးဝမ်းကျောင်းပေါ့ ဝမ်းစာအတွက် သွာပြီးတော့လုပ်တာပေါ့။ အခုကွယ်လွန်သွားတဲ့သူတွေထဲမှာဆိုရင် တရားမဝင်တူးနေတဲ့သူတွေလည်း တော်တော်များများပါပါတယ်။ တရားမဝင်သွားပြီးတော့ ကျောက်တူးနေတယ်ဆိုတာဟာ တရားဝင်အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ ကျမတို့နိုင်ငံမှာ အတိုင်းအတာတစ်ခုထိရှိနေတယ်ဆိုတာ ဖော်ပြနေတာပါ။ အဲ့တာကတော့ လက်ခံရမယ့်၊ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကျမတို့ပြည်သူတွေ တရားဝင်အလုပ်အကိုင်ရရှိရေး ကို သိပ်ပြီး အလေးထားပါတယ်။" မြန်မာနိုင်ငံသားတွေ တရားဝင် အလုပ်အကိုင် ရရှိရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းက အရေးကြီးတယ်လို့လည်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်၊  ဖားကန့်မြို့နယ်မှာ မြေပြိုကျခဲ့ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ များစွာဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်းလည်း မနေ့ညက  ထုတ်ပြန်ကြေညာထားပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ မနေ့မနက် ၈ နာရီလောက်က  မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျရာမှာ ဒီမနက် ၁၀ နာရီထိ သေဆုံးသူ ၁၆၆ ဦးနဲ့ ဒဏ်ရာရသူ ၅၄ ဦးတယ်လို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဆိုပါဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေအတွက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ဖို့ လုပ်ဆောင်နေပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024