မိုင်းဆတ်-တာချီလိတ်လမ်းတွင် လမ်းလုပ်သားတင်ကား ၁ စီး ချောက်ထဲထိုးကျ၊ ၉ ဦးသေဆုံး
DVB
·
May 26, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှ လမ်းဆောက်လုပ်ရေးအလုပ်သမားတွေ တင်ဆောင်လာတဲ့ကား တစ်စီး ဒီနေ့ မနက်ပိုင်းက ပေ ၂၀၀ နက်တဲ့ ချောက်ထဲ ထိုးကျသွားတဲ့ အတွက် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ တပ်မတော်သား တစ်ဦးက ပြောပါတယ်။
မိုင်းဆတ်-တာချီလိတ်လမ်းမကြီးအတိုင်း ယာဉ်မောင်း ဇေယျာဦး (၂၆ နှစ်) မောင်းနှင်လာတဲ့ FAW ကားတစ်စီးဟာ မေလ ၂၆ ရက် မနက် ၉ နာရီလောက်က မိုင်းတွမ်းမြို့မရောက်မီ ၅ မိုင်ခန့်အကွာ ဂီယာဘောက်ချို့ယွင်းပြီး လမ်းရဲ့ညာဘက် ပေ ၂၀၀ လောက်နက်တဲ့ ချောက်အတွင်း ထိုးကျခဲ့တာပါ။
ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတဦးက "ကျနော်တို့ ကားကျတာ သိသိချင်း ဝိုင်းဝန်းကယ်ဆယ်ကြပါတယ်။ ချောက်ထဲမှာတော့ကျား သုံးယောက်နဲ့ မ ငါးယောက်အလောင်းတွေကိုကောက်ယူခဲ့ရတယ်။ ဒဏ်ရာပြင်းထန်သူတွေ ဆယ်ယောက်လောက်ကို အပေါ်ဝိုင်းတင်ပေးခဲ့ရတယ်။ ခုတော့ အားလုံးဆေးရုံရောက်နေပါပြီ။ မိုင်းတွမ်းနဲ့ တာချီလိတ်အကြား ကွန်ကရစ် လမ်းခင်းအဖွဲ့ကလို့ သိရပါတယ်''လို့ ပြောပါတယ်။
ဒဏ်ရာပြင်းထန်စွာရရှိထားသူတွေကို မိုင်းဆတ်ခရိုင် ပြည်သူ့ဆေးရုံကိုတင်ပို့စဉ် မိန်းကလေးတဦး ထပ်မံသေဆုံးခဲ့လို့ စုစုပေါင်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦးကို အတွင်းလူနာအဖြစ် ကုသမှုပေးနေရကာ သေဆုံးဒဏ်ရာရသူစာရင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စိစစ်နေဆဲဖြစ်ပါတယ်။
သတင်း- အောင်ဇေယျ