ရွှေချောင်းသာခရီးသည်တင်ယာဉ် ပေ ၄၀ နီးပါးရှိ ချောက်ထဲကျ
DVB
·
February 22, 2020
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေက ပြန်လာတဲ့ ရွှေချောင်းသာ ခရီးသည်တင်ကားဟာ ဖေဖော်ဝါရီ ၂၂ ရက်မနက်ပိုင်းက လမ်းဘေးထိုးကျခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
ချောင်းသာမှရန်ကုန်ကို ပြန်လည်ထွက်ခွာလာတဲ့ ခရီးသည် ၄၂ ဦးလိုက်ပါ ဒီယာဉ်ဟာ မိုင်တိုင်အမှတ် ၃၈ နားအရောက် အနက်ပေ ၄၀ လောက်ရှိတဲ့ ချောက်ထဲထိုးကျခဲ့တာဖြစ်ပြီး ခရီးသည် အမျိုးသမီးတယောက် နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ခြေထောက်ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက အတည်ပြုပြောဆိုပါတယ်။
"ကားက ဝါဘိုးကျေးရွာအုပ်စု မြတ်ရှု့ရွာနားအရောက် လမ်းဘေး ချောက်ထဲကို ထိုး ကျသွားတာ၊အားလုံး ၄၂ ဦးပါလာတယ်။အသေအပျောက် မရှိဘူး။ယာဉ်မောင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့အမှုဖွင့်မှာပါ" လို့ သူက ပြောပါတယ်။
ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေထဲက ဒဏ်ရာ မရတဲ့သူတွေကို ယာဉ်လိုင်း အစီအစဉ်နဲ့ ရန်ကုန်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ချောက်ထဲက ယာဉ်ကို ပြန်ဆယ်ဖို့ ပုသိမ်မြို့က ကရိန်းကားတွေကို ခေါ်ထားတယ်လို့ ဦးကျော်သူက ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရန်ကုန် - ချောင်းသာ ပြေးဆွဲနေတဲ့ ရွှေချောင်းသာ ခရီးသည်တင် ယာဉ်က ယာဉ်မောင်းဖြစ်သူ အသက် ၃၈ နှစ်ရှိ ဝေဇင်ဦးကို ချောင်းသာနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။
မင်းထက်မုန်း (ပုသိမ်)