Home
မြန်မာသတင်း
ဓာတ်အား ထုတ်လုပ် သုံးစွဲမှု မမျှသဖြင့် အလှည့်ကျမီးဖြတ်နေဟု လျှပ်စစ်အင်ဂျင်နီယာပြော
ပိုင်စိုး
·
April 29, 2019
လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်တာနဲ့ သုံးစွဲတာ မမျှတော့တာကြောင့် တနိုင်ငံလုံးမှာ အလှည့်ကျမီးဖြတ်နေတာလို့ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာတဦးက ပြောပါတယ်။ ဒါကို ဝန်အားလျှော့ဓာတ်အားပိတ် (Load Shed) တယ်လို့ သုံးနှုန်းပြီး မြို့နယ်တွေမှာ ရပ်ကွက်အလိုက် အလှည့်ကျစနစ်နဲ့ ဖြတ်တောက်နေတာပါ။ “မြို့နယ်ထဲမှာ အုပ်စုတွေခွဲပြီး တရက်မှာ ၅ ကြိမ်ပိတ်တယ်။ တကြိမ်မှာ တနာရီကြာတယ်။ အခု ကျနော်တို့ဆီမှာ ပြတ်နေပြီ။ ညနေမှ ပြန်လာမယ်” လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတယောက်က ပြောပါတယ်။ မြို့နယ်အလိုက် လျှပ်စစ်ရုံးတွေကလည်း ရပ်ကွက်အလိုက် မီးဖြတ်မယ့် ဇယားတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေကနေ ကြေညာထားတာကိုတွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာ ရပ်ကွက်တွေကို အုပ်စုခွဲပြီး တရက်မှာ တနာရီ မီးဖြတ်မယ့် အချိန်တွေကို ဇယားနဲ့ ကြိုတင်ကြေညာကြပေမယ့် တချို့မြို့နယ်တွေကတော့ ၂ ကြိမ် ဖြတ်တောက်တာကို တွေ့ရပါတယ်။ “မီးသုံးများတဲ့ နရာတွေမှာ ပိုပြီး ပိတ်ရတယ်။ ဒါက တနိုင်ငံလုံးထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ သုံးနေတဲ့ လျှပ်စစ်ဓာတ်အားအရ ခွဲတမ်းချလိုက်တာ၊ ရန်ကုန်ကအများဆုံး။ မဂ္ဂါဝပ် ၁၀၀ လို့ ကြားတယ်။ ပြီးရင်တော့ မန္တလေးပေါ့။ မီးအားက မနိုင်တော့လို့ ညဘက်မှာလည်း ပိတ်ရတယ်” လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတယောက်က ပြောပါတယ်။ ဒါဟာ System Breakdown မဖြစ်အောင်အတွက် ကြိုတင်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အခုနွေရာသီမှာ တနိုင်ငံလုံးလျှပ်စစ်ဓာတ်အား သုံးစွဲတာဟာ အမြင့်ဆုံး ၃၇၀၀ မဂ္ဂါဝပ်ရှိတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဒု ဝန်ကြီးက ပြောထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က အမြင့်ဆုံး ထုတ်လုပ်ခဲ့တာ မဂ္ဂါဝပ် ၃၄၃၈ ကျော်ရှိပြီး ရန်ကုန်က ၁၅၀၀ မဂ္ဂါဝပ်ကျော် ရယူသုံးစွဲခဲ့တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နွေရာသီမှာ ရန်ကုန်ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲတာဟာ ၁၂၀၀ မဂ္ဂါဝပ် အထက်မှာရှိခဲ့ပြီး မိုးရာသီမှာတော့ ၉၆၀ မဂ္ဂါဝပ်ပဲ ရှိတာကြောင့် လုံလောက်သလို အလှည့်ကျ မီးဖြတ်စရာမလိုဘဲ မီးဖြတ်မယ်ဆိုရင် အစိုးရအနေနဲ့ ပြည်သူလူထုကို ကြိုတင်အသိပေးသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုဖူးပါတယ်။ ဓာတ်ပုံ - Yesc Mingalar Taung Nyunt
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024