Home
Lead Story
မြစ်ဆုံကို ချစ်ပုံခြင်းတူကြသူတို့ စိတ်ဝမ်းမကွဲစေချင် (အယ်ဒီတာအာဘော်)
DVB
·
April 23, 2019
ပြင်သစ်က ကမ္ဘာကျော် နော်တာဒမ် ဘုရားကျောင်းကြီး မီးလောင်ပျက်စီးသွားသည်ကို ပြန်လည်ပြုပြင်ရန် ပြင်သစ်သမ္မတက ဆော်သြလိုက်သည်။ ချက်ချင်း ရန်ပုံငွေများ ဒေါ်လာသန်းနှင့်ချီ၍ ဒလဟော စီးဝင်လာ၏။ နော်တာဒမ်ဘုရားကျောင်းသည် လူတို့ တည်ဆောက်ခဲ့သည့်အရာ ဖြစ်၍ ငွေရှိပါက မူလအတိုင်း ပြန်ဆောက်၍ ရကောင်းရမည်။ ဧရာဝတီမြစ်သည်ကား သဘာဝကပေးသည့် ရတနာတပါးဖြစ်၍ ပျက်စီးသွားသော် မြစ်တစင်း အသစ်ပြန်ဆောက်လုပ်ရန် ငွေမည်မျှတတ်နိုင်ပါစေ မဖြစ်နိုင်။ သို့ပါ၍ မြစ်ဆုံဆည်စီမံကိန်းကြောင့် ပျက်စီးသွားမည့် ဧရာဝတီမြစ်ကြီးကို ကယ်တင်ရန် မြန်မာပြည်သူတို့ တဦးလျှင် တဒေါ်လာစီ ထည့်ဝင်ကြပါဟု ဆော်သြသူတို့က ပန်ကြားလိုက်သည်။ ပြင်သစ်ပြည်မှာကဲ့သို့ ဒေါ်လာငွေများ စီးဝင်မလာခဲ့၊ ပြစ်တင်ဝေဖန်သံများသာ ချက်ချင်း ဆူညံကျယ်လောင်စွာ ဒလဟော စီးထွက်လာသည်။ မြစ်ဆုံစီမံကိန်းမှာ အကျိုးအမြတ်ရသွားသည့် သက်ရှိထင်ရှား ရှိနေသူတို့ထံက လျော်ကြေးပြန်တောင်းပါ၊ ငါတို့မထည့်နိုင်ဟု တုံ့ပြန်သူတို့က တုံ့ပြန်ကြသည်။ ဆင်းရဲသည့် ပြည်သူများထံက ပိုက်ဆံကောက်ရပါမည်လားဟု ဒေါသတကြီး ပြောသူတို့က ပြောကြသည်။ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မဖြစ်နိုင်ဟု ဝေဖန်သူတို့က ဝေဖန်ကြသည်။ ဆော်သြသူတို့သည် ပြည်သူ့သဘောထားကို တင်ကြိုရယူခဲ့ခြင်းမရှိဘဲ လူတစု၏ သဘောထားကို ပြည်သူ့သဘောလုပ်ကာ တရုတ်သမ္မတထံ စာပို့ခြင်းသည် အဆင့်ကျော်လုပ်ခြင်း ဖြစ်သည်ဟု ထောက်ပြသူတို့က ထောက်ပြကြသည်။ ဒီကိစ္စ လက်မခံဟု ကြေညာချက်ထုတ်သူတို့က ထုတ်ကြသည်။ ဒီကိစ္စ မေမေတာဝန်ယူ လုပ်ဆောင်နေသည်၊ ဆော်သြနေသူများထက် မေမေ့ကို ပိုလို့ ယုံကြည်သည်ဟု ဆိုသူတို့က ဆိုကြသည်။ တခြားတဖက်တွင်လည်း မြစ်ဆုံကို ပြန်ရွေးယူရန် ခုချက်ချင်း ပိုက်ဆံထည့်မည်ဟုဆိုကာ  ထောက်ခံသူများကလည်း ထောက်ခံကြသည်။ မည်သူ့ကိုမျှ အပြစ်မတင်ချင်တော့၊ နှောင်းလူတို့ လက်ချက်ဖြင့် ပျက်စီးကွယ်ပျောက် ဒုက္ခရောက်ရတော့မည့် အန္တရာယ် တွေ့နေသည့် မိခင် ဧရာဝတီမြစ်ကြီးကို အနာဂတ်မျိုးဆက်များအတွက် ငွေပေး ပြန်ရွေးယူနိုင်ခဲ့သည့် သမိုင်း ချန်ထားခဲ့ချင်သည်ဟု ယုံကြည်သူတို့က ယုံကြည်ကြသည်။ မြစ်ဆုံကို ပြည်သူ့ရန်ပုံငွေဖြင့် ပြန်ရွေးယူတာထက် ကောင်းသည့် တခြားနည်းလမ်း ရှိပါကလည်း လိုက်ပါလုပ်ဆောင်ကြမည်၊ မြစ်ဆုံစီမံကိန်းကြီး အပြီးတိုင်ရပ်သွားရန် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်မည်ဟု ဆိုသူတို့က ဆိုကြသည်။ သေချာသည်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဤကိစ္စ ပြင်းပြင်းရှရှ ဂယက်ရိုက်ခတ်သွားသည်။ မတူကွဲပြားခြားနားသည့် သဘောထားအမြင်များ အမျိုးမျိုး ပေါ်ထွက်ခဲ့ ပေါ်ထွက်နေဆဲ ဖြစ်သည်။ ဤသည်မှာ အမြတ်ဖြစ်သည်။ အထူးသဖြင့် တရုတ်ခရီးစဉ် သွားရောက်ခါနီးတွင် မြစ်ဆုံနှင့်ပတ်သက်သည့် လူထုသဘောထား အမြင်ပေါင်းစုံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုရော တရုတ်ခေါင်းဆောင်တို့ကိုပါ သတင်းစကား ပါးရာရောက်၏။ သိစေ၊ မြင်စေ၊ ကြားစေ၏။ တကယ်တမ်း မကြားရ မသိရ ဖြစ်နေရရှာသည်မှာ သနားစရာကောင်းလှသည့် မြန်မာပြည်သူလူထု ဖြစ်သည်။ နိုင်ငံနှင့် နိုင်ငံသားများအတွက် အင်မတန် အန္တရာယ်ကြီးမားလှသည့် မြစ်ဆုံ ရေကာကာစီမံကိန်းကြီးကို မည်သို့မည်ပုံ စာချုပ် ချုပ်ဆိုခဲ့သည်၊ စီမံကိန်းကြောင့် တိုင်းပြည်အတွက် အကျိုးအပြစ် ဘယ်ရွေ့ဘယ်မျှရှိသည် ဆိုသည်ကို ယခင်အစိုးရမင်းများ လက်ထက်ကလည်း ပြည်သူတို့ သိခွင့်မရှိသလို ယခု ပြည်သူ့အစိုးရ လက်ထက်တွင်လည်း သိခွင့်မရှိ၊ ပြည်သူများရော သတင်းမီဒီယာများပါ မွေးရာပါအခွင့်အရေး သတင်းသိပိုင်ခွင့် ဆုံးရှုံးနေရသည်။ ဘာမှန်း အသေအချာ မသိရသည့် စာချုပ်ကြီးကို ဟိုတစဒီတစ ရရှိသည့် သတင်းအစအနများအပေါ် ထောက်ရှုကာ ဝေဖန်သုံးသပ် တွက်ဆ ကောင်းနိုးရာရာ လုပ်ဆောင်ကြရင်းက မလိုအပ်ဘဲ စိတ်ဝမ်းကွဲပြားနေကြရသည်။ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ စိုးရိမ်တကြီးဖြစ်နေသည့် ကိစ္စအပေါ် တစုံတရာ ထုတ်ဖော်ပြောဆိုရန် အချိန်ကျရောက်နေပေပြီ။ ထုတ်ဖော်ပြောဆိုရန် အခက်အခဲ ရှိနေပါကလည်း ဘာကြောင့် ဘယ်လို အခက်အခဲ အကျပ်အတည်းများ ရှိနေသည်ကိုလည်း သိချင်စိတ်ပြင်းပြနေသည့် ပြည်သူတို့ကို ချပြသင့်ပေပြီ။ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ယခင်အစိုးရတို့ ပြည်သူ့ဆန္ဒမပါဘဲ၊ တိုင်းပြည်နှင့် ပြည်သူတို့၏ မျက်နှာမကြည့်ဘဲ မဆင်မခြင် ဆောင်ရွက်ခဲ့သည့်ကိစ္စကို ယခုအစိုးရက ခေါင်းခံရသည့်ကိစ္စ ပြည်သူတို့ နားလည်ပြီးဖြစ်သည်။ သို့သော် ဤစီမံကိန်းနှင့်ပတ်သက်၍  လက်ရှိ ပြည်သူ့အစိုးရက သက်တမ်း ၃ နှစ်ကျော်လာသည့်တိုင် ပြည်သူကို ချမပြသေးသည်ကို ပို၍ နားမလည်နိုင် ဖြစ်ရသည်။ တကယ်တော့ မြစ်ဆုံစီမံကိန်းကိစ္စသည် ကာလအတန်ကြာကတည်းက  ပြည်သူများအကြား အဂတိလိုက်စားမှု ကျော်စောသတင်း အထင်အရှား ထွက်နေသည့် ကိစ္စကြီးတရပ် ဖြစ်နေသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဝင်ရောက် စစ်ဆေးသင့်သည့် ကိစ္စဟုလည်း ရှုမြင်နိုင်သည်။ ဤစီမံကိန်းကြီးနှင့် ပတ်သက်၍ တာဝန်အရှိဆုံးပုဂ္ဂိုလ်တို့ သက်ရှိထင်ရှား ရှိနေဆဲဖြစ်၍ တိုင်းပြည်ကို အမှန်တကယ် ချစ်သည်မှန်လျှင် ပြည်သူလူထုကို တာဝန်ယူ တာဝန်ခံ ရှင်းလင်း ဖြေရှင်းသင့်သည်။ လက်ရှိအစိုးရအနေဖြင့်လည်း ဤမြစ်ဆုံစီမံကိန်းကြီးနှင့် ပတ်သက်၍ စာချုပ်တွင် မည်သို့ ချုပ်ဆိုထားသည်၊ မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်၊ မဆောင်ရွက်ဘူး၊ ဆက်လက်ဆောင်ရွက်ပါက မည်သို့ အကျိုးအပြစ်ရှိမည်၊ ရပ်တန့်ပါက မည်သို့ အကျိုးအပြစ်ရှိမည်။  အကျိုးအကြောင်း အဆိုးအကောင်းကို ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြသင့်ပြီ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ မြစ်ဆုံကိစ္စ အမြင်ကျယ်ဖို့ ပြောထားသည်။ မြန်မာပြည်သူ အများစုကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝ လက်မခံတော့ကြောင်း အကြိမ်ကြိမ် အဖန်ဖန် ပုံသဏ္ဌာန်မျိုးစုံဖြင့် သဘောထားတွေ ထုတ်ဖော်ပြသခဲ့ကြပြီးလည်း ဖြစ်သည်။ ရာဇဝင်များ၏သတို့သမီး သို့တည်းမဟုတ် မြန်မာပြည်၏ အသက်သွေးကြော မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးမည့်အရေးကိစ္စဖြစ်၍ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းလိုသည့် ဆန္ဒရှိသည်မှာ အသေအချာဖြစ်သည်။ ပညာရှင်များ၊ အနုပညာရှင်များကနေ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ အပါအဝင်  ရဟန်းရှင်လူ ပြည်သူလူထုလူတန်းစား အသီးသီးက လူထုဆန္ဒ ထပ်မံခံယူစရာ မလိုတော့အောင်ပင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပစ်ရန် တသဘောတည်း ရှိနေကြပေပြီ။ မြစ်ဆုံကိုချစ်ကြ၊ ဧရာဝတီကို မြတ်နိုး တန်ဖိုးထားကြတာချင်း အတူတူ ပြည်သူတို့အကြား သွေးကွဲမနေသင့်ပေ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် လက်ရှိ ပြည်သူ့အစိုးရအဖွဲ့ဝင်များ၊ အာဏာရ ဒီချုပ်ပါတီဝင်များလည်း ပြည်သူတို့ထက် မလျော့သော ချစ်ခြင်းဖြင့် ဧရာဝတီကို ချစ်ကြ တန်ဖိုးထားကြမည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။ ၂၀၁၁ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီအတွက် ပန်ကြားချက် ထုတ်ပြန်ခဲ့ဖူးသည်။ ဤပန်ကြားချက်၏ အဆုံးသတ်တွင် “ဧရာဝတီမြစ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာ အလုံးစုံကို ကျွန်ုပ်တို့အားလုံး ပူးပေါင်းခြင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ကြပါမည်” ဟု ပြောကြားထားသည်။ မြစ်ဆုံအရေးကြောင့် လူမျိုး၊ ဘာသာ၊ အယူအဆ မတူကြသည့် မြန်မာပြည်သူပြည်သားများ အားလုံး ပြန်လည်စည်းလုံး ညီညွတ်ကြမည့် အချိန်ဖြစ်သလို ပြည်သူ့အစိုးရကလည်း  ကြုံတွေ့နေရသည့် မြစ်ဆုံပြဿနာ အကျပ်အတည်းကို ပြည်သူနှင့်အတူ ရင်ဆိုင်ဖြေရှင်းရင်း ပြည်သူ့ဆန္ဒ ဖြည့်ဆည်းလုပ်ဆောင်ရန်သာ အဓိကလိုရင်းဖြစ်ကြောင်း တင်ပြလိုက်ပေသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024