HomeLead Story
“ဝ” ဒေသက လှုပ်နှိုးသည့် ခေါင်းလောင်းသံ ပြည်ထောင်စုအစိုးရ ဘယ်လိုတုံ့ပြန်မလဲ (အယ်ဒီတာအာဘော်)
“ဝ” ဒေသက လှုပ်နှိုးသည့် ခေါင်းလောင်းသံ ပြည်ထောင်စုအစိုးရ ဘယ်လိုတုံ့ပြန်မလဲ (အယ်ဒီတာအာဘော်)
DVB
·
April 19, 2019
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆင်းရဲတွင်းနက်သည့် တောင်တန်းဒေသအဖြစ်မှ မိုးမြေ ပြောင်းပြန်လှန်အောင် တိုးတက်ပြောင်းလဲလာပြီဖြစ်ပြီး ပြည်နယ်အဆင့် သတ်မှတ်ပေးရန် “ဝ”ခေါင်းဆောင် ပေါက်ယူချန်းက ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲ၌ ပြည်ထောင်စုအစိုးရကို တောင်းဆိုလိုက်သည်။
ပြည်နယ်သတ်မှတ်ပေးရန် အရင်ကလည်း “ဝ”ခေါင်းဆောင်တို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။ ယခုတကြိမ်ကတော့ စစ်သည်ဗိုလ်ပါ လက်နက်အပြည့်အစုံနှင့် စစ်ရေးပြပြီး တောင်းဆိုလိုက်ခြင်းဖြစ်၏။ တနည်းဆိုရလျှင် လက်နက်ပြ၍ တောင်းဆိုခြင်းဖြစ်သည်။
တကယ်ဆို ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၆ (စ) အရ ရှမ်းပြည်နယ် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် တရားဝင် သတ်မှတ်ပေးထားပြီးဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ခေါင်းဆောင်သည့် ဦးစီးအဖွဲ့က စီမံအုပ်ချုပ်ဖို့လည်း ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံက မည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ “ဝ” ခေါင်းဆောင် ဦးပေါက်ယူချန်းကတော့ သူ့ကိုယ်သူ ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အထွေထွေအတွင်းရေးမှူးချုပ်၊ ဝပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် စစ်သေနာပတိချုပ်၊ ‘ဝ’ပြည်နယ် ပြည်သူ့အစိုးရ ဥက္ကဋ္ဌအဖြစ် မှတ်ယူသုံးစွဲသည်။
မြန်မာရာဇဝင်၌ မည်သည့်ဧကရာဇ်မှ ‘ဝ’ ပြည်နယ်ကို မစိုးမိုးခဲ့သလို မည်သည့် တရုတ်ဧကရာဇ်ကမှလည်း မစိုးမိုးခဲ့ဘူးသည့် အစိုးရမဲ့ဒေသ ဖြစ်ခဲ့သည်ဟုလည်း ဦးပေါက်ယူချန်းက ဆိုသည်။
စတုရန်းကီလိုမီတာ သောင်းနှင့်ချီသည့် မြေပေါ်တွင် လူဦးရေ ၆ သိန်းကို စီမံအုပ်ချုပ်နေသလို “ဝ”ပြည်နယ်အခြေခံဥပဒေလည်း ရေးဆွဲ ပြဋ္ဌာန်းထားပြီဟုလည်း ဆိုပါတယ်။
လက်ရှိအခြေအနေအရ “ဝ” ဒေသကို သွားရောက်ရန် ဗီဇာမလိုပေမယ့် အစိုးရ တာဝန်ရှိသူတွေ သွားရောက်လိုပါက “ဝ” ခေါင်းဆောင်ပိုင်း၏ ခွင့်ပြုချက်ရမှာသာ သွားရောက်နိုင်သလို လက်ရှိ သတင်းသမားများ သွားရောက်ရာတွင်လည်း “ဝ” အဖွဲ့၏ အစီအစဉ်ဖြင့်သာ ၎င်းတို့ခွင့်ပြုသည့် နေရာများ၌သာ သတင်းယူခွင့်ရှိ၏။
ပန်ဆန်းမြို့သည် တရုတ်နယ်မြို့တမြို့ အသွင်သဏ္ဌာန် ဆောင်နေပြီး မြန်မာကျပ်ငွေထက် တရုတ်ငွေသာ ပိုမိုအသုံးတွင်ကျယ်ကာ နေရာတိုင်းမှာ တရုတ်စာတွေသာ မြင်တွေ့ရသည်။ အစိုးရဝန်ထမ်းဆို၍ ကျောင်းဆရာနှင့် ဆရာဝန်တချို့သာ ရှိသည်ဟု ဆိုသည်။
ဦးပေါက်ယူချန်း ကြွေးကြော်သလို လက်ရှိ “ဝ” ဒေသသည် ပြည်ထောင်စုအစိုးရ၏ သြဇာ အာဏာစက် သက်ရောက်မှု ဘယ်လောက်ရှိပါသလဲ၊ တို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင် ကြွေးကြော်နေသော်လည်း အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတွင် “ဝ” ဒေသပါ ပါဝင်သလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။
“ဝ”ဒေသသည် ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထုတ်လို့မရသည့် အစိတ်အပိုင်းတခုဖြစ်ပြီး ခွဲမထွက်၊ လွတ်လပ်ရေး မတောင်းဆိုဟု ဦးပေါက်ယူချန်းက လေးလေးနက်နက် ကတိသစ္စာပြု ပြောကြားထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ “ဝ”က ပြည်နယ်တောင်းသည့် ကိစ္စအပေါ် သဘောထားပြောဆိုခြင်း မရှိဘဲ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) တွင် ပါဝင်လက်မှတ်ရေးထိုးဖို့သာ သဝဏ်လွှာပေးပို့ တိုက်တွန်းလိုက်သည်။
“တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေးနှင့် ညီညွတ်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ အန်စီအေ လက်မှတ်ထိုးပြီးမှသာ ဆောင်ရွက်နိုင်မယ်၊ “ဝ” အထူးဒေသ ၂ အပါအဝင် တိုင်းရင်းသားတွေ မျှော်လင့်တောင့်တနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရေး ဆိုတဲ့ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို လျှောက်လှမ်းရာမှာ အန်စီအေဟာ ဖြတ်သန်းရမယ့် တံခါးပေါက်တခုသာဖြစ်ပြီး လမ်းဆုံးပန်းတိုင် မဟုတ်ဘူး” ဟု သဝဏ်လွှာတွင်း ဖော်ပြသည်။
အန်စီအေတွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် အန်စီအေက လွှမ်းခြုံခြင်းမရှိသည့် ကိစ္စရပ်များ ရှိလာပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် ညှိနှိုင်းပြီး သဘောတူညီမှု ရယူဆောင်ရွက်နိုင်သည်ဟုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
အန်စီအေသည် ယခင်အစိုးရဟောင်းလက်ထက်က ဆောင်ရွက်ခဲ့သည့် ကိစ္စဖြစ်ပြီး ဘောင်ချဲ့ဖို့လိုသည်ဟု “ဝ” အပါအဝင် အန်စီအေ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ယူဆထားကြပြီး စာချုပ်ဘောင်ချဲ့ထွင်ပြီးမှ လက်မှတ်ထိုးနိုင်ဖွယ် ရှိသည်။
လက်ရှိ အန်အယ်လ်ဒီအစိုးရအနေဖြင့် အန်စီအေ လက်မှတ်ထိုးကြရန် အကြိမ်ကြိမ် အဖန်ဖန် တိုက်တွန်းနေမလား၊ အသစ်တဖန် ပြန်လည်မွမ်းမံပြင်ဆင်ကာ ပိုမိုကောင်းမွန်သည့် စာချုပ်အသစ် ဖန်တီးပြီး အားလုံးပါဝင်လက်မှတ်ထိုးလာအောင် ကြိုးစားမလား ဆန်းစစ်သင့်သည်။
“ဝ”တိုင်းရင်းသားတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ကျောခိုင်းကာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ကို တည်ထောင်ခဲ့ပြီး ၁၉၈၉ခုနှစ်၌ နဝတ စစ်အစိုးရနှင့် ငြိမ်းချမ်းလက်မှတ်ထိုးခဲ့သည်မှာ ဆယ်စုနှစ် သုံးစုကြာ ရှိခဲ့ပေပြီ။
ဧပြီ ၁၇ ရက်က ပန်ဆန်းမြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲတွင် “ဝ” တပ်ဖွဲ့က စစ်သည်အင်အား ၇၆၀၀၊ အရပ်သား ၈၇၀၀ လောက်က စစ်ရေးပြခဲ့သလို လေယာဉ်ပစ်စက်သေနတ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးများပါ ချပြသွားသည်။
ပွဲတက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အသီးသီးကလည်း “ဝ” တပ်ဖွဲ့၏ စစ်အင်အားနှင့် “ဝ” ဒေသ ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ကြရသည့်အပေါ် အားကျသည့်အကြောင်း၊ အလားတူဖြစ်အောင် ကြိုးစားချင်သည်ဟု မီဒီယာကို ဖွင့်ဟပြောကြသည်။
သို့ပါ၍ အနာဂတ်တွင် ကိုယ်စီကိုယ်စီ စစ်အင်အားကို တိုးချဲ့ကြပြီး ပါဝါတည်ဆောင်ကြမည့် အလားအလာများ မြင်တွေ့နေရသည်။ အမိမြန်မာပြည်ကြီး လွတ်လပ်ရေးရအပြီး နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် ငြိမ်းချမ်းရေးလမ်းစ မမြင်ရသေး၊ ပြည်တွင်းစစ်မီး မငြိမ်းသေး။ ထာဝရငြိမ်းချမ်းရေးအတွက် လက်တွေ့ကျကျ ဘာဆက်လုပ်မလဲ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့ စဉ်းစားချိန်တန်ပြီ။