မင်္ဂလာတရားနဲ့ညီတဲ့သင်္ကြန် ဖြစ်ရန်လို (အယ်ဒီတာအာဘော်)

1.4K
အပူရှိန်ပြင်းတဲ့ တန်ခူးလရာသီ၊ မကြာမီ ပန်းပိတောက်တို့ပွင့်တဲ့ ရိုးရာသင်္ကြန်ပွဲတော် ရောက်ပေတော့မည်။
အိမ်ဘေးဓမ္မာရုံမှ ရွှေတိုင်ညွန့်၏ “မင်္ဂလာ ၁၂ ပါး” သီချင်းထဲမှ “အော်… နှစ်သစ်ကူးတာ အရင်းခံပြတော့.. သင်္ကြန္တ မင်္ဂလာခေါ်ပါသည်။” ဆိုသော စိန်ပါတီ၏အသံ သဲ့သဲ့လည်း အဝေးဆီမှ ကြားနေရသည်။
သင်္ကြန်ကို ရှေးဦးမြန်မာတို့က “သင်္ကြန္တ မင်္ဂလာ” တပါးအဖြစ် သတ်မှတ်ခဲ့ကြပေသည်။ နှစ်သစ်ကူးမှာ မင်္ဂလာယူခြင်းသဘောဟု ထင်ပါသည်။
အချို့ပညာတတ်များကတော့ ဟိန္ဒူယဉ်ကျေးမှုဟု ဆိုကြသည်။ သို့သော်လည်း အရှေ့တောင်အာရှနိုင်ငံ အများစုတွင် ဤသို့သော နှစ်သစ်ကူးပွဲတော် သင်္ကြန္တမင်္ဂလာကို ရှေးပဝေသဏီကတည်းက ကျင်းပခဲ့ကြပါသည်။
မြန်မာပြည်တွင်လည်း ပဒေသရာဇ်မင်းတို့ အဆက်ဆက်မှသည် ယနေ့ထိတိုင်အောင် နှစ်စဉ်မပျက် သင်္ကြန္တမင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြပေသည်။
ခေတ်ကာလ ရှည်ကြာသည်နှင့်အမျှ မူလရည်ရွယ်ရင်းတို့ မသိမသာ တိမ်းစောင်းသွားတတ် ကြသည်ကလည်း ဓမ္မတာပင်။ သို့သော် အနှစ်သာရကား ပျောက်ပျက်မသွားပါချေ။
ရုပ်ဝတ္ထုဖြစ်သည့် ရေပက်ကိရိယာတို့ကား ယခင်နှင့်မတူတော့။ ငွေဖလား၊ ရေဖလားတို့နေရာတွင် ရေပြွတ်များ၊ ရေဘောလုံးများ အစားဝင်ရောက်လာခဲ့သည်။ ရိုးရိုး သန့်စင်သောရေများသာမက ရေခဲရေနှင့် ပက်လာကြသည်။ အချို့က ရေတိုင်ကီထဲတွင် ရေမွှေးထည့်ပက်ကြသည်ကလည်း ကြည်နူးစရာပင်။
ဥပုသ်သည်၊ နို့စို့အရွယ် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်သူတို့ကို အစဉ်အလာအတိုင်း ရေပက်ကစားခြင်း မပြုသည်မှာ ချစ်စရာ မြန်မာတို့၏ ဓလေ့စရိုက်ကောင်းတခုပင်။
သို့သော် သည်နောက်ပိုင်း ခေတ်များတွင် အချို့သောသူများက သာမန်ပြင်းအားရှိ ရေပိုက်များဖြင့်သာမက မီးသတ်ပိုက်များဖြင့် ပက်သည်အထိ လွန်ကျူးလာခဲ့ကြသည်။ မူးယစ်သောက်စားခြင်း၊ ရေပက်ခံကားများဘေးတွင် ညစ်ညမ်းပုံများ ချိတ်ဆွဲခြင်း၊ ရေးခြယ်ခြင်းတို့ပင် မဖွယ်မရာ လုပ်ဆောင်လာကြသည်။
မူးယစ်ရမ်းကား မောင်းနှင်မှုကြောင့် နှစ်စဉ် သင်္ကြန်တွင်း ယာဉ်တိုက်မှုကလည်း များစွာပင်။ မိန်းမငယ်အချို့လည်း မသမာသူတို့ အကြံအစည်ဖြင့်တိုက်သော ကာမစိတ်ကြွဆေးဖြင့် ဘဝပျက်ခဲ့ရသူတို့ အဖြစ်မှာလည်း မကြားချင်အဆုံးပင်။ သားသမီးချင်း ကိုယ်ချင်းစာနာသင့်လှပေ၏။ အမူးလွန်၍ ရိုက်ပွဲနှက်ပွဲများဖြင့် ဆေးရုံရောက်ရသူတို့ကား နှစ်စဉ် ကြားနေရသည်ပင်။
ဤသည်တို့ကို တားမြစ်နိုင်ရန်အတွက် ရဲတပ်ဖွဲ့များမှလည်း သင်္ကြန်နားနီးပြီဆိုသည်နှင့် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်း၊ စည်းကမ်းချက်များ ထုတ်ပြန်ခြင်းများကို နှစ်စဉ် ပြုလုပ်လေ့ရှိပါသည်။ အထူးသဖြင့် နံပါတ်မပါသော ယာဉ်များသည် ရေပက်ခံကားများအဖြစ် ထွက်ပေါ်လာလေ့ ရှိပါသည်။
ထို့အပြင် ပြုပြင်ဆဲယာဉ်များ၊ ယာဉ်အိုအဟောင်းများသည်လည်း အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တားမြစ်စာများ ထုတ်ပြန်ထားသည်လည်း တွေ့ရပါသည်။ အဆိုပါထုတ်ပြန်ချက်များမှာလည်း အများနှင့်သက်ဆိုင်နေသောကြောင့် လိုက်နာသင့် လိုက်နာအပ်သော အချက်များပင် ဖြစ်သည်ဟု ထင်မြင်မိပါသည်။
အချုပ်အားဖြင့် ပြောရသော် မြန်မာတို့ရိုးရာ အစဉ်အလာအရ သင်္ကြန်သည် သင်္ကြန္တမင်္ဂလာတခုပင် ဖြစ်သောကြောင့် မင်္ဂလာတရားနှင့် လျော်ညီသော နှစ်ကူးသင်္ကြန်အဖြစ် ဂုဏ်ယူနိုင်ကြပါရန် ပြည်သူအများ ဝိုင်းဝန်းထိန်းကြောင်းပေးရန် လိုအပ်ပါကြောင်း နှိုးဆော်လိုက်ရပါသည်။