အဂတိနွံအိုင်ထဲက ငါးကြီးများကို ဆက်ကြော်ပါ (အယ်ဒီတာအာဘော်)

အဂတိသတင်း ကျော်စောနေသည်မှာ ကာလအတန်ကြာမြင့်နေပြီဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မတ်လ ၁၀ ရက်တွင် စတင်အမှုဖွင့် အရေးယူလိုက်ပြီဖြစ်သည်။ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကိုသာမက အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် Global Grand Services (GGS) မန်နေးဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ စွပ်စွဲခံရသူများဘက်ကတော့ ကော်မရှင်၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန် ချေပသံ မကြားရသေးပေ။ လာမည့်ရက်ပိုင်းအတွင်း ဤအမှုနှင့်ပတ်သက်သည့် နောက်ဆက်တွဲ ဂရက်များနှင့် အမှုကို မည်သို့မည်ပုံ ဆက်လက်ရင်ဆိုင်ကြမည် ဆိုသည်ကို ပြည်သူတို့ မြင်တွေ့ရရန်ရှိသည်။ ယခုဖြစ်ရပ်သည် စီးပွားရေးပညာရှင် ဦးမြင့် တိုက်တွန်းပြောကြားခဲ့ဖူးသလို ကော်မရှင်က ငါးကြီးကြီး ကြော်ပြလိုက်ခြင်း ဖြစ်သလို အဂတိလိုက်စားမှု တိုက်ဖျက်မည်ဟု ကြွေးကြော်နေသည့် အန်အယ်လ်ဒီအစိုးရ အနေဖြင့်လည်း မိမိအိုင်ထဲက ငါးကြီးကြီးတကောင်ကို အရင် ကိုင်တွယ်ပြလိုက်ခြင်း ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၃ ရက်က တနင်္သာရီတိုင်း မြိတ်မြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ရာ၌ “ကျမ တနင်္သာရီတိုင်းကို လာတယ်ဆိုတဲ့ အကြောင်းရင်းတခုကလည်း အစိုးရအဖွဲ့ကို နည်းနည်းဆုံးမဖို့ လာရခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ မည်သို့မည်ပုံ ဆုံးမမည်ကို ပြည်သူအများ စောင့်ကြည့်နေစဉ်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်း ခရီးစဉ်အပြီး တလခန့်အကြာတွင် တိုင်းအစိုးရအဖွဲ့၏ တာဝန်အရှိဆုံး အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦးကို အရေးယူလိုက်ခြင်းလည်း ဖြစ်သည်။ ကမ္ဘာကြီးတွင် ပုဂ္ဂလပိုင်ဆိုင်မှုနှင့်အတူ အဂတိတရား ရှိလာခဲ့သည်မို့ နေရာအနှံ့ အဂလိုက်စားမှုများ ရှိနေခြင်းက သိပ်တော့မဆန်းပေ။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများတွင် အဂတိလိုက်စားမှုများ ရှိနေခြင်းသည်က ပို၍ပင် မထူးဆန်း။ သို့သော် ယခင်အစိုးရအဆက်ဆက် အကျင့်ပျက်ခြစားမှုများကို မကျေနပ်၍ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာအောင် မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များကဖြင့် ယခုအစိုးရလက်ထက်တွင်လည်း အစိုးရအာဏာပိုင်တို့ အဂတိလိုက်စားနေကြသည်ကို မြင်တွေ့နေရသဖြင့် ကျေနပ်မည်မဟုတ်ပေ။ ကမ္ဘာ့နိုင်ငံများလိုက် အဂတိလိုက်စားမှု အညွှန်းကိန်းတွင် အဆင့် ၁၃၀ ရပ်တည်နေသည့်  မြန်မာနိုင်ငံတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုဖြစ်ရန် မြန်မာပြည်သူတို့ ခေတ်အဆက်ဆက် တောင်းဆိုနေခဲ့ကြသည်။ လတ်လပ်ရေးရပြီးစကတည်းက သန့်ရှင်းသည့်အစိုးရဖြစ်ရန် ကြိုးစားမှုတရပ်အဖြစ် Anti-Corruption Act 1948 ကို ပြဋ္ဌာန်းခဲ့သည်။ တကယ်တော့ ဥပဒေဆိုသည်မှာ ကိုယ်ကျင့်တရားဖြင့် လက်လှမ်းမမီနိုင်ခြင်းကို ထိန်းချုပ်ပေးကြရစမြဲ ဖြစ်သည်။ စပြဋ္ဌာန်းခဲ့စဉ်က လာဘ်ပေးလာဘ်ယူ ဥပဒေဖြစ်ပြီး ၁၉၅၉ တွင် ဤဥပဒေကို တကြိမ်ပြင်ခဲ့သေးသည်။ ၂၀၁၃ ခုနှစ်အရောက်တွင် Anti-Corruption Law ဟု ပြင်ခဲ့သည်။ Act မှ Law ကို ပြောင်းလဲပြီး အသစ်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဥပဒေပြင်ဆင်ချက်တွင်တော့ လာဘ်ပေးလာဘ်ယူအစား “အဂတိလိုက်စားမှုတိုက်ဖျက်ရေး” ဟု ပြင်ခဲ့သည်။ ဒီကြားထဲ အဂတိတိုက်ဖျက်ရေးကို နည်းဥပဒေမရှိဟု ဆိုကာ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ကြ။ ၂၀၁၅ ခုနှစ်ရောက်မှ နည်းဥပဒေကို ထုတ်ပြန်နိုင်ခဲ့သည်။ ဒီနောက် ၂၀၁၆ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ပြီး ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ်ထားရှိကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က “တည်ဆဲဥပဒေအရ ငါးကြီးကြီးရစရာ အကြောင်းမရှိ” ဟု ဖွင့်ဟဝန်ခံမှုနှင့်အတူ ဥပဒေအချို့ကိုလည်း ပြန်လည်ပြင်ခဲ့ရပြန်သည်။ ထိုကဲ့သို့ ဥပဒေပြင်ဆင်ပြီး နောက်တွင်တော့ ယခုတကြိမ်သည် ပထမဆုံး ငါးကြီးကြီးဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ဒီ့အရင်က FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုဖြင့် အရေးယူထားခဲ့ဖူးသည်။ အချို့သော နိုင်ငံရေးသုံးသပ်သူများကတော့ ယခုထက်ကြီးသည့် ငါးများဖမ်းမိရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှဖြစ်လိမ့်မည်ဟု ဆိုသည်။ ယခင် ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်းက ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အဂတိလိုက်စားမှုကို အောက်ခြေမှအစ၊ အထက်ပိုင်းအထိ တဖြည်းဖြည်း လေ့လာ ခြေရာကောက်ခဲ့ကြောင်း၊ နောက်ဆုံးအဆင့်ရောက်မှ အဂတိလိုက်စားမှုကို အရေးမယူနိုင်သည့်အပြင် အလေးပြုပြီး ထွက်လာခဲ့ရကြောင်း ရေးသားခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးဟောင်းစိုးဝင်း ဘာကိုရည်ရွယ်ပြီး ဘယ်ကိုရည်ညွှန်းလိုပါသလဲ ကာယကံရှင်တို့သာ အသိဆုံးဖြစ်မည်။ ဒါသည်ပင် ဗိုလ်ချုပ်ကြီးတယောက်၏ ဖွင့်ဟဝန်ခံချက် သမိုင်းမှတ်တမ်းတခု ဖြစ်နေသည်။ ငါးကြီးများကို ဖမ်းမမိနိုင်ခြင်း၏ အဓိကအားနည်းချက်က ဖွဲ့စည်းပုံတွင် အခြေခံနေသည်။ ပြည်သူအားလုံးသည် ဥပဒေ၏ရှေ့မှောက်တွင် တပြေးညီ ခံစားခွင့်ရမည် ဆိုသော်လည်း တပ်မတော်သားတဦးအတွက် အရပ်ဘက်ခုံရုံး၏ အာဏာသက်ရောက်မှုရှိမရှိ မေးခွန်းထုတ်စရာဖြစ်သည်။ ဒါကိုတော့ အခြေခံဥပဒေ ပုဒ်မ ၃၁၉ နှင့် ပုဒ်မ ၂၉၃(ခ) တို့အရ ကန့်သတ်ခံနေရခြင်းကလည်း တပ်မတော်သားတယောက်၏ အဂတိလိုက်စားမှုအပေါ်တွင် ကော်မရှင်အနေဖြင့် လက်လှမ်းမမီခဲ့ဟန် ရှိသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို အားပေးကာကွယ်ထားသလို ဖြစ်နေသည့်၊ တနည်းအားဖြင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကအစ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပေပြီ။ နိုင်ငံတဝန်း နွံအိုင်ကြီးသဖွယ်ဖြစ်နေသည့် အဂတိလိုက်စားမှုများ၊ အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက် တိုက်ဖျက်ခြင်းဖြင့် တိုင်းပြည်၊ အစိုးရနှင့် နိုင်ငံသားတို့၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် ငါးကြီးကြီးများကို ဆက်ကြော်ရန် ဒီဗွီဘီက အလေးအနက် တိုက်တွန်းအပ်ပါသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up