ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူ လူငယ် ၁ ဦး သေနတ်ထိမှန်သေဆုံး
DVB
·
February 4, 2019
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု ဆန်ခါကျေးရွာကျေးရွာနဲ့ မဇွပ်ယန် ကျေးရွာအနီးက တစ်သုံးလုံးကျောက်စိမ်းတူးဖော်ရေးမြေစာပုံမှာ ဒီမနက် ၁၁နာရီလောက်က လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ တဦး သေနတ်ထိမှန် ဒဏ်ရာရပြီး သေဆုံးသွားပါတယ်။
သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ်မောင်ဇင်မင်းဖြိုးဖြစ်ပြီး သူဟာဦးခေါင်းနောက်စေ့မှာ ကျည်ဆန်ထိမှန် ဖောက်ထွက်သွားခဲ့တယ်လို့ မျက်မြင်တွေ့သူ ရေမဆေးသမားတွေက ပြောပါတယ်။
အခုလို ဖြစ်ပွားခဲ့တာဟာ ရေမဆေးကျောက်ရှာဖွေသူတွေကို ပုံမှန်ဝင်နေကြ ဝင်ခွင့်ပြုတဲ့အချိန်မှာ ဝင်ရောက်ရှာဖွေကြရင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့လည်း ပြောပါတယ် ။
မောင်ဇင်မင်းဖြိုးဟာ မိုးကောင်းမြို့နယ်၊ နမ့်မနကျေးရွာဇာတိဖြစ်ပြီး လုံးခင်းအုပ်စု ဆွတ်အောင်ကျေးရွာမှာ နေထိုင်ပါတယ်။ သူဟာ ရရှိထားတဲ့သေနတ်ဒဏ်ရာနဲ့ လုံးခင်း အုပ်စုတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း မွန်းလွဲ ၁၂ နာရီလောက်က သေဆုံး သွားခဲ့တာပါ။
ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အလားတူ ဖြစ်ရပ်တွေ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
ဇော်မိုးထက်(ဖားကန့်)