ဖားကန့်တွင် ရေမဆေးကျောက်ရှာသူများကို စိစစ်ရန် အခက်အခဲရှိနေဟု နယ်လုံဝန်ကြီးပြော
DVB
·
October 8, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ အနယ်နယ်အရပ်ရပ်က လာရောက်တဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို စိစစ်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် အတည်တကျစာ ရင်း ရယူနိုင်ခြင်း မရှိသေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်ကပြောပါတယ်။
ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ဖားကန့်ဒေသ အတွင်း တရားမဝင်ကျောက်ရှာဖွေဖို့ လာရောက် လုပ်ကိုင်သူတွေရဲ့ ဝင်ထွက်သွားလာမှုစာရင်းကို ထိန်းချုပ်စစ်ဆေး ကြပ်မတ်စီမံဆောင်ရွက်သွားဖို့ အစီအစဉ်ရှိ မရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတေဇာလင်းက မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက “ဖားကန့်မြို့နယ်ကို မြန်မာနိုင်ငံအသီးသီးမှ တရားမဝင်ကျောက်ရှာရန် လာရောက်လုပ်ကိုင်သူများအား ဖားကန့် မြို့နယ်မှာရှိတဲ့ စွန့်ပစ်မြေစာပုံများကို ရေမဆေးလိုက်လံရှာဖွေသူများအဖြစ် ရှာဖွေနေထိုင်ကြပြီး အတည်တကျနေထိုင်ခြင်းမရှိဘဲ ပြန်ကျနေထိုင်ခြင်းများကြောင့် ဝင်ထွက်သွားလာမှုများ စိစစ်ရန် အခက်အခဲများရှိတဲ့အတွက် အတည်တကျစာရင်းများအား ရယူနိုင်ခြင်းမရှိဘဲ လဝါးမိုးကောင်း စစ်ဆေးရေးဂိတ်၊ ကာမိုင်စစ်ဆေးရေးဂိတ်၊ လယ်ပြင်စစ်ဆေးရေးဂိတ် ဝင်ထွက်သွားလာတဲ့ စာရင်းများကိုသာစစ်ဆေးဆောင်ရွက်ရှိပါတယ်”လို့ ဖြေကြားသွားပါတယ်။
စိစစ်စစ်ဆေးမှုတွေနဲ့ပတ်သက်လို့ ၂၀၁၆ ခုနှစ် တတိယအကြိမ် ရပ်ကျေး ဥပဒေပြင်ဆင်တဲ့ ဥပဒေမှာ ပါတဲ့ ဥပဒေအချက်အလက်တွေအတိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံတွေ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးမှု မကြာခဏဖြစ်ပေါ်နေတာ ဖြစ်ပြီး အခင်းဖြစ်ပွားတိုင်း စာရင်းမရှိတဲ့အတွက် သေဆုံးသူ အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာ တိတိကျကျ သိရခြင်းမရှိပါဘူး။
အောက်တိုဘာလ ၈ ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတော့ တက်ရောက်ခွင့်ရှိတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅၃ ဦးရှိတဲ့အနက် ၄၈ ဦး တက်ရောက်ကာ လေ့လာသူ ၈ ဦး ရှိပါတယ်။