Home
မြန်မာသတင်း
တောင်သူ ဒေါ်ခင်ဝင်း ကျည်ဆန်ထိမှန်သေဆုံးမှု ရဲတပ်ဖွဲ့ ပြန်လည်စစ်ဆေး
DVB
·
September 21, 2018
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသခံ တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒေါ်ခင်ဝင်းရဲ့ ညီမတော်စပ်သူ တရားလို ဒေါ်ခင်မာအေး အပါအဝင် ဒေသခံသက်သေ ၁၀ ဦးကို ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ရုံးက ဆင့်ခေါ်ကာ စက်တာဘာ ၂၀ ရက်နေ့ မနက်ပိုင်းက အမှုကိုပြန်လည်စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မုံရွာမြို့ကို လာရောက်စဉ်မှာ လက်ပံတောင်းဒေသခံတွေက ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး သိမ်းဆည်းခံ လယ်ယာမြေကိစ္စများအပါဝင် တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုအား ပြန်လည် စစ်ဆေးအရေးယူပေးဖို့ ကိစ္စတွေပါ ရေးသားထားတဲ့ စုစုပေါင်းတိုင်ကြားစာ ၇ စောင်ကို ပေးပို့ခဲ့တာပါ။ “ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ငွေထွန်းကတော့ အခင်းဖြစ်ပွားခဲ့စဉ်က အခြေအနေကို မေးမြန်းမှတ်သားတယ်။ နောက်ပြီး ဒီစစ်ချက်တွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြသွားမယ်လို့ ကျမတို့ကို ပြောပါတယ်။ ကျမတို့အနေနဲ့ကတော့ ဥပဒေကြောင်းအတိုင်း မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုလားတာပါ" လို့ သေဆုံးသူ ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်ခင်မာအေးက ပြောပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေသခံတွေ လျော်ကြေး ယူထားခြင်းမရှိတဲ့ သိမ်းဆည်းလယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီဘက်မှ ခြံစည်းရိုးလာခတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က လုံခြုံရေးတာဝန်ယူထားတဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတောင်သူတွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ မိုးကြိုးပြင်အလယ်ကျေးရွာမှ တောင်သူ ဒေါ်ခင်ဝင်းဟာ ဦးခေါင်းမှာ သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့စဉ်က ဒေါ်ခင်ဝင်းသေဆုံးမှုကို ဆားလင်းကြီးမြို့မရဲစခန်းက သေမှုသေခင်းအဖြစ် လက်ခံခဲ့တာဖြစ်ပြီး ဆေးစစ်ချက်တွေအရ လူသတ်မှုအဖြစ် ပြောင်းလဲစစ်ဆေးခဲ့ပေမယ့် ယင်းမာပင်ခရိုင်ဥပဒေအရာရှိ မှတ်ချက်နဲ့ ယင်းမာပင် ခရိုင် ရဲမှူးကြီးတို့ရဲ့ မှတ်ချက်နဲ့ ဆားလင်းကြီးမြို့နယ်တရားရုံးက အမှုကို ပိတ်သိမ်းခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်မှာတော့ ပြည်ထောင်စုတရားလွှတ်တော်ကို စာချွန်တော်ပေးပို့ခဲ့ပေမယ့် ပယ်ချခဲ့တာကြောင့် တရားလိုမိသားစုက ကျေနပ်မှုမရှိတဲ့အတွက် နိုင်ငံတော်သမ္မတထံ တိုင်ကြားခဲ့တာလို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024