Home
မြန်မာသတင်း
အစိုးရ ဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများ တဝက်ကျော်သာ ပြီးစီး
နေဖြိုးဝင်း
·
August 10, 2018
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက်နဲ့ ဆောင်ရွက်တဲ့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေဟာ ၅၀ ရာခိုင်နှုန်းကျော်ပဲ ပြီးစီးသေးတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သိရပါတယ်။ သြဂုတ် ၉ ရက်နေ့ ပြည်ထောင်စုမှာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက်အစီရင်ခံစာကို တင်သွင်းတာမှာ အခုလို တည့်သွင်း ပြောဆိုတာပါ။ ကော်မတီဒု ဥက္ကဋ္ဌ ဦးအောင်မင်းက “၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနတွေရော စည်ပင်ကော်မတီတွေရော အားလုံး လုပ်ငန်းရပ်ပေါင်း ၉၀၀၀ ကျော်မှာ ၅၂၀၀ ပဲ ရာနှုန်းပြည့်ပြီးတယ်။ ဝန်ကြီးဌာနအားလုံး ပေါင်းလိုက်လို့ရှိရင်? ပြည်ထောင်စုဘတ်ဂျက်အားလုံး ပေါင်းလိုက်လို့ရှိရင် ၅၇ ရာခိုင်နှုန်းလောက်ပဲ ပြီးတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကျော်က မပြီးဘူး။ ဘတ်ဂျက်အတွင်းမှာ မပြီးတာ” လို့  ပြောပါတယ်။ ပြည်သူ့နဲ့ ဆက်စပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးက အများဆုံးဖြစ်သလို လုပ်ငန်းပမာဏနဲ့ လုပ်ငန်းမပြီးစီးတာလည်း အများဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ ဌာနဆိုင်ရာတွေက ကြီးကြပ်မှုအားနည်းသလို ကုမ္ပဏီတွေကလည်း အရည်အသွေးကို လျှော့ချပြီး ဆောင်ရွက်ကြတာကြောင့် တခြားနိုင်ငံတွေထက် ပိုပြီးတော့ စိစစ်နေရတယ်လို့ ဆိုပါတယ်။ “အခုလို မပြီးတဲ့အတွက် ဘဏ္ဍာရေးနှစ် ကျော်လွန်သုံးစွဲခွင့် တောင်းခံရတာတို့ တချို့ဌာနတွေမှာ အပေါ်လူကြီးလည်း မသိ၊ သူတို့အချင်းချင်း ညှိလိုက်ပြီးတော့ ပိုက်ဆံကို ထုတ်ထားလိုက်တယ်။ ကျနော်တို့လည်း စစ်လို့ မရဘူး။ ပြီးပြီးဆိုပြီး ပြလိုက်တယ်။ ပိုက်ဆံထုတ်ထားတယ်။ ပြီးမှာ ကန်ထရိုက်နဲ့ ညှိပြီး လုပ်ငန်းပြီးစီးမှု ပြန်ပေးတာတွေ ရှိတယ်” လို့ ဦးအောင်မင်းက ပြောပါတယ်။ အခုလိုတွေ ဖြစ်နေရတာဟာ ကန်ထရိုက်တွေမှာလည်း ချို့ယွင်းအားနည်းချက်တွေ ရှိသလို၊ မခိုင်မာတဲ့ စာချုပ်တွေ၊ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေကြောင့် ကြိုးနီစနစ်တွေကို ဖျက်ပြီး ဗဟိုချုပ်ကိုင်မှု လျှော့ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024