တည်ဆောက်ရေးလုပ်ငန်းများကို Third Party ဖွဲ့ စောင့်ကြည့်ရန်အဆို အောင်မြင်
DVB
·
November 14, 2017
နိုင်ငံတဝန်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား Third Party စနစ်ကို မှန်ကန်စွာ ကျင့်သုံးပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော်မှာ ဂန့်ဂေါ မဲဆန္ဒနယ်က ဒေါ်ယဉ်မင်းလှိုင်ရဲ့ အဆိုကို ကိုယ်စားလှယ် ၁၅ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုအတည်ဖြစ်ပြီးတဲ့နောက် ကိုယ်စားလှယ်တွေအနေနဲ့ Third Party ရှိပြီဆိုပြီး မျက်နှာလွှဲထားရင် Fourth Party လာလိမ့်မယ်လို့ သတိပေးပါတယ်။
“ကျောက်ကို မှန်မှန်ကန်ကန် သုံးသလား။ အုတ်က မိုးထိလို့ရှိရင် ပြိုကျမယ့်အုတ်လား၊ တကယ်မီးကျက်တဲ့ အုတ်လား၊ မျက်မြင်နဲ့လည်း ရပါတယ်။ အင်ဂျင်နီယာဘွဲ့ရမှ မဟုတ်ပါဘူး။ အခြေခံဗဟုသုတနဲ့ ကြည့်လို့ရပါတယ်။ ကြည့်စေချင်ပါတယ်။ Third Party မျက်နှာလွှဲထားပြီးတော့ မကြည့်ဘဲနေရင် နောက်တခါ Fourth Party ထပ်လိုက်နေရမယ်။”
အဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်တွေက တည်ဆောက်ပြီး မကြာမီ ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ဆလိုက်ထိုးပြပြီး ဆွေးနွေးသွားကြပါတယ်။
အစိုးရရဲ့လမ်းတံတား စတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် နားလည်ကျွမ်းကျင်တဲ့ ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တခုဖွဲ့ပြီး စောင့်ကြည့်ထိန်းကျောင်းဖို့ အစိုးရကို တိုက်တွန်းချက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။