Home
မြန်မာသတင်း
မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင် သတ်မှတ်ခံရနိုင်ရေး ၃ နှစ်ခန့် ကြာမြင့်နိုင်
DVB
·
May 17, 2017
မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရနိုင်ဖို့အတွက် သုံးနှစ်လောက် ကြာမြင့်နိုင်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ မြောက်ဦးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မေ ၁၇ ရက် မနက်က ပြုလုပ်တဲ့ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ မြောက်ဦးဒေသခံတွေ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး လှုပ်ရှားသူ တွေနဲ့ UNESCO အဖွဲ့က ပညာရှင်တွေ ပထမအကြိမ် တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။ အဲဒီအစည်းအဝေးမှာ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ဖို့အတွက် ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဒေသခံတွေ ပါဝင်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး ၂၀၁၇ မေလမှ စတင်ဆောင်ရွက်လျှင် ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြု သတ်မှတ်ခံရနိုင်မယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။ "ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဒေသတွင်းသိရှိရေးအတွက် ဟောပြောပွဲတွေ၊ ရှင်းပြတဲ့ ဆောင်ရွက်မှုတွေ လုပ်ရပါမယ်။ ကျွန်တော်တို့ချည့်ပဲတော့ မရဘူး။ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ အလှူရှင်တွေနဲ့ ပူပေါင်းပါဝင် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်ပါတယ်။ အဖွဲ့တွေဖွဲ့မယ် လုပ်ငန်းတွေ ခွဲဝေ ဆောင်ရွက်ဖို့ရှိပါတယ်။ မြေပုံရေးဆွဲမယ် မြေပုံထုတ်မယ်၊ ဦးစားပေးအနေနဲ့ မြောက်ဦးရဲ့ ရေသွင်းရေထုတ်စနစ်တွေ သုတေသနလုပ်ပါမယ်။ တခြား သုတေသနလုပ်ငန်းတွေလည်း လုပ်ဖို့ဆွေးနွေး တင်ပြထားပါတယ်"လို့ အစည်းအဝေးမှာ ဦးကျော်လွင်ဦးက ရှင်းလင်းသွား ပါတယ်။ ဒေသခံတွေ အနေနဲ့တော့ ရှေးဟောင်းယဉ်ကျေးမှု သတ်မှတ်ခံရတဲ့အခါ နေအိမ်တွေပြောင်းရွှေ့ပေးရမှာ ရှိလာမလားလို့စိုးရိမ်မှုတချို့ရှိပေမယ့် အစိုးရအနေနဲ့လည်း ပြောင်းရမယ့် နေရာ၊ မပြောင်းရမယ့်နေရာတွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့လိုသလို မြို့ခံတွေအနေနဲ့လည်း ကိုယ့်အမွေအနှစ်ဒေသကို ကိုယ်တိုင်ထိန်းသိမ်းချင်တဲ့ စိတ်ဖြစ်လာအောင် စည်းရုံးဆွေးနွေးဖို့တွေ လိုအပ်တယ်လို့ မြောက်ဦးရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ဦးဆောင်လှုပ်ရှားနေသူ ဒေါ်ခင်သန်းက ထောက်ပြခဲ့ပါတယ်။ “ဥပမာ ဒီအိမ် ဒီအိမ်တွေကတော့ အဆင်သင့်ပြင်ထားပါ ဖယ်ရမယ့်အထဲမှာပါတယ်။ ဒီအတွက် ဘယ်လိုစီစဉ်ထားတယ်။ ဒီအတွက် ရဲဝံ့စွာနဲ့ ကိုယ်အိမ်တိုင် ကိုယ်နှုတ်ပြီး သွားနိုင်အောင်အတွက်ကို သူတို့ကို ခွန်အားတွေပေးမယ်။ ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်ကို မိမိတို့ ကိုယ်တိုင် ထိန်းချင်တဲ့ ဆန္ဒဖြစ်အောင်၊ ကိုယ်တိုင် ပြောင်းချင်တဲ့ဆန္ဒဖြစ်အောင် အားလုံးက ပံ့ပိုးကူညီမှုပေးမယ်ဆိုရင်တော့ ဒီလောက်မဆိုးပါဘူး။ ဒါပေမယ့် တိတိကျကျနဲ့ ဘယ်အိမ်က ပြောင်းရမယ် ဘယ်အိမ်ကမပြောင်းရဘူးဆိုတာ အသိပေးနိုင်ရင်တော့ စိုးရိမ်မှု ကင်းမယ်လို့ ယူဆပါတယ်။" မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရနိုင်ရေး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ဆောင်ရွက်နေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အရ အရေးထားဆောင်ရွက်နေတာဖြစ်သလို UNESCO ကလဲ ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ဖို့ လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။ မြောက်ဦးဒေသမှာ ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခံရနိုင်တဲ့ စေတီ ပုထိုးတွေ၊ နန်းတော်ဟောင်းနေရာ၊ မြို့ရိုး၊ ကျုံးတွေ တည်ရှိနေပြီး ရှေးဟောင်းခံတပ်မြို့တစ်မြို့အဖြစ် အသိအမှတ်ပြုခံရနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024