မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် လုပ်ဆောင်နေမှု ၃၀ ရာခိုင်းနှုန်းပြီးစီး
DVB
·
April 7, 2018
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး မူကြမ်းကို လာမယ့် ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းမှာဖြစ်ကာ ရာခိုင်းနှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ ရှေးဟောင်းသုတေသနက ပြောပါတယ်။
ဧပြီလ ၆ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ညှိနှိုင်း အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာပါ။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က “မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စတင်တင်သွင်းဖို့ဟာကို လာမယ့် ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ မှုကြမ်းတင်မယ်။ အချောက ၂၀၂၀ မှာတင်မယ်၊ ၂၀၂၁ နှစ်မှာ ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ ကျနော်တို့စတင် လုပ်လာတာက ၂၀၁၆ ခုနှစ် စတင်လုပ်လာတယ်။ ကျနော်တို့ လုပ်လာတာက ၄ နှစ်ခွဲ ၅နှစ်လောက်ကြာပြီ” လို့ ပြောပါတယ်။
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး သက်ဆိုင်ရာအစိုးရဘက်လည်း ပူပေါင်းပါဝင်ဖို့လိုသလို ဘာတွေလုပ်နေသလဲဆိုတာကို ပြည်သူတွေကို ပွင့်ပွင်လင်းလင်းချပြပေးဖို့ လိုတယ်လို့ မြောက်ဦးမဲဆန္ဒနယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။
သက်ဆိုင်ရာ အစိုးရဌာနကလည်း ပူးပေါင်းမယ်၊ ဌာဆိုင်ရာကလည်း ပူးပေါင်းမယ်၊ ကျနော်တို့က ပူးပေါင်းမယ်ဆိုရင်။ နောက်ပြီးစိတ်ဝင်စားတဲ့သူတွေကို ဆွဲခေါ်မယ်၊ ပြီးတော့ ဒါတွေလုပ်နေတာတွေကို ပွင့်ပွင့်လင်းလင်း ဘာတွေလုပ်နေသလဲ၊ ဘာတွေအဟန့်အတား ဖြစ်နေသလဲ၊ အဟန့်အတားဖြစ်ရင် ဒီလိုအဟန်အတား ဘယ်လို ကျော်လွှားမယ်ဆိုတာကို ပွင့်ပွင့်လင်းလင် ပြောပါတယ်။ ကျနော်တို့လည်း ပူးပေါင်းဆောင်ရွက်မယ်” လို့ ပြောပါတယ်။
ကမ္ဘာ့အမွေအနှစ်အများဆုံး စာရင်းဝင်နိုင်ငံတွေဖြစ်ကြတဲ့ အီတလီနဲ့ တရုတ်နိုင်ငံတွေက ပံ့ပိုးကူညီပေးနေတဲ့အတွက် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
မြောက်ဦးဒေသကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ UNESCO တာဝန်ရှိသူတွေက ကွင်းဆင်းစိစစ်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်မှု ရှိ မရှိကို သိရမယ်လို့ ဦးကျော်လွင်ဦး ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အထင်ကရ ရှေ့ဟောင်းအမွေအနှစ်တခုဖြစ်တဲ့ ပုဂံကိုလည်း ကမ္ဘာ့အမွအနှစ်စာရင်းဝင်ဖို့ အချောတင်းထားပြီး လာမယ်နှစ်မှာ ကမ္ဘာ့အမွအနှစ် စာရင်းဝင်မဝင်ဆိုတာကို ဆုံးဖြတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့အမွအနှစ်စာရင်းဝင်တဲ့ နိုင်ငံ ၁၆၅ နိုင်ငံရှိတဲ့ အဆောက်အဦ ၁၀၇၃ ခု သတ်မှတ်ခံထားရတာဖြစ်ပြီး မြန်မာနိုင်ငံက ပျူးမြို့ဟောင်းတခုသာ ကမ္ဘာ့အမွအနှစ်စာရင်း သတ်မှတ်ခံထားရသေးပါတယ်။
သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို