DVB Logo
Home
ဆောင်းပါး
မြန်မာအစိုးရရဲ့ ဓာတုလက်နက် အပိုင်း(၂)
DVB
·
December 14, 2011
မြန်မာအစိုးရရဲ့ ဓာတုလက်နက် အပိုင်း(၂)
Donate to DVB

ကေအိုင်အေက သိမ်းဆည်းရရှိထားပြီး ဓာတုအဆိပ်ပါတယ်လို့ ယူဆနေကြတဲ့ နောက်ထပ် ဗုံးအမျိုးအစား တမျိုးကတော့ က.ပ.စ ထုတ် Rifle Grenade ဖြစ်ပါတယ်။

Rifle Grenade

စစ်သည်တဦးချင်း ကိုင်ဆောင်တဲ့ သာမာန် ချေမှုန်းရေး ရိုင်ဖယ်လ် သေနတ်ပြောင်းဖျားမှာ တပ်ပြီး ပို့ကျည်နဲ့ ပစ်ထုတ်ရတဲ့ ဗုံးအမျိုးအစားပါ။ ဗုံးကိုယ်ထည် အရွယ်အစား သေးငယ်တာက တကြောင်း၊ ဗုံးကျရောက်တဲ့ အကွာအဝေးက အသုံးပြုသူကိုယ်တိုင် အဆိပ်ငွေ့ အန္တရာယ်ကနေ လွတ်ကင်းဖို့ မသေချာတာက တကြောင်းမို့ ဓာတုအဆိပ်ထည့်သွင်း အသုံးပြုရအောင် သင့်တော်တဲ့ ဗုံးအမျိုးအစား မဟုတ်ပါဘူး။

မြန်မာ့တပ်မတော်က ထုတ်လုပ်ပြီး ဓာတုအဆိပ်ထည့်သွင်းအသုံးပြုဖို့ အမှန်တကယ် သင့်တော်တဲ့ ဗုံးသီးအမျိုးအစားများက ၈၁ မမ နဲ့ ၁၂၀ မမ မော်တာဗုံးတွေပဲ ဖြစ်ပါတယ်။ AZDM စနက်အုံ တပ်ဆင်အသုံးပြုပြီး အဲဒီ စနက်အုံအမျိုးအစားဟာ ဗုံးသီး မြေပေါ်ကျလျှင်ကျချင်း (ဒါမှမဟုတ်) မြေပေါ်ကျပြီးနောက် အချိန်ပိုင်းတခုအတွင်း ဗုံးကို ပေါက်ကွဲစေပါတယ်။ ဒါကတော့ ပစ်ခတ်သူက စစ်နည်းဗျူဟာအလိုက် လိုအပ်သလို ချိန်ကိုက်ပေါက်ကွဲစေနိုင်တဲ့ စနက်အုံရဲ့ အားသာချက်တခုပါပဲ။ အင်တာနက်စာမျက်နှာတခုမှာတော့ ဓာတုအဆိပ်ပါတဲ့ မော်တာဗုံးတွေကို သရက်မြို့နယ်ရှိ က.ပ.စ (၁၂)ကနေ အဓိက ထုတ်လုပ်ပေးနေတယ်လို့ ဆိုထားပါတယ်။ က.ပ.စ(၁၂)ရဲ့ ပေါက်ကွဲယမ်း ဖြည့်သွင်းပုံနည်းစနစ်ဟာ တီ.အင်.တီ ယမ်းခဲကို ဗုံးသီးအပေါက်ဝကနေ ကိုယ်ထည်ထဲ ဖိအားပေးညှစ်သွင်းတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဓာတုအဆိပ်(ဗူး/အိတ်)အတွက် သီးသန့်နေရာကွက်ချန်ပြီး ယမ်းဖြည့်သွင်းဖို့ မလွယ်ကူတဲ့ စနစ်တခုပါ။ မော်တာဗုံးတွေ ထုတ်လုပ်တဲ့ အခြားစက်ရုံတရုံကတော့ ဆင်တဲမှာရှိတဲ့ အမှတ်(၃) ကာကွယ်ရေးပစ္စည်းစက်ရုံ ဖြစ်ပါတယ်။ က.ပ.စ (၃)မှာ တီ.အင်.တီ ယမ်းတွေကို အရည်ဖျော်ပြီးမှ ဗုံးကိုယ်ထည်ထဲ လောင်းထည့်ဖြည့်သွင်းပါတယ်။ အဲဒါကြောင့် ဓာတုအဆိပ်(ဗူး/အိတ်)အတွက် သီးသန့်နေရာ ချန်လှပ်ပြီး ပေါက်ကွဲယမ်း/တီ.အင်.တီ ကို ပုံသွန်းလောင်းလို့ ရပါတယ်။

မြန်မာ့တပ်မတော်က အသုံးပြုလေ့ရှိတဲ့ ၁၀၅ မမ တောင်ပေါ်ပစ် အမြောက်ကျည်တွေမှာလည်း ဓာတုအဆိပ်ပစ္စည်းထည့်သွင်း ပစ်ခတ်နိုင်ပေမယ့်လို့ အခိုင်အမာခံစစ်စခန်း မရှိတဲ့အပြင် နေရာတကာက တိုက်ခိုက်လာနိုင်တဲ့ ရန်သူပြောက်ကျားတပ်ဖွဲ့ငယ်လေးတွေကို ရင်ဆိုင်ရာမှာ သုံးလို့ အဆင်မပြေလှပါဘူး။ အထူးသဖြင့် တောင်ကုန်းတောင်တန်းထူထပ်တဲ့ ဒေသတွေမှာ သူတို့ရဲ့ အမြောက်တွေကို သယ်ယူရွှွှေ့ပြောင်းဖို့ အခက်အခဲရှိမှန်း မြန်မာအစိုးရအနေနဲ့ ကြိုတင် တွက်ဆထားပြီးသား ဖြစ်ပါတယ်။ သည့်အတွက်လည်း ၁၀၅ မမ အမြောက်တွေကို လား၊ မြင်းတွေနဲ့ သယ်ယူပို့ဆောင်နိုင်ဖို့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးတပ်ဖွဲ့ကို ၂၀၀၀ ခုနှစ်လောက်ကတည်းက ဝန်တင်ပုခက်တွေ ထုတ်လုပ်ပေးခိုင်းခဲ့ဖူးပါတယ်။ အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် အတိုက်အခံတွေကို သဘောထားကြီးစွာ စေ့စပ်ဆွေးနွေး စည်းရုံးဖို့ ဆိုတာထက် နည်းမျိုးစုံနဲ့ အနိုင်ယူချေမှုန်းနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့တာတော့ အမှန်ပါပဲ။

တလောကလည်း ကချင်ပြည်နယ်အတွင်းမှာ အဝါရောင်မိုးရေတွေ ရွာချလိုက်လို့ ဒေသခံတွေက ဓာတုအဆိပ်မိုး ဖြစ်နေမှာကို အတော် စိုးရိမ်ထိတ်လန့် ကုန်ကြတယ်လို့ သိရပါတယ်။ မြန်မာ့တပ်မတော်က အဆိပ်လက်နက်တွေ အသုံးပြုလို့ ဒီလို ရာသီဥတု ဖောက်ပြန်ရတာလို့လည်း ထင်ယောင်ထင်မှား ဖြစ်နေကြဟန်တူပါတယ်။ စစ်ပွဲမှာ အမှန်တကယ်ပဲ အဆိပ်ဓာတ်ငွေ့တွေ အသုံးပြုခဲ့တယ်ဆိုစေဦးတော့ မိုးအဖြစ် ချက်ချင်း ပြန်ရွာချရလောက်အောင် သိပ်သည်းဆ မများနိုင်ပါဘူး။ စီးပွားရှာရာမှာ အများနဲ့ဆိုင်တဲ့ ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေးဆိုတာကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ အမျိုးသား အကျိုးစီးပွား သက်သက် အလေးထားသူ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဓာတုပစ္စည်းစက်ရုံတွေ၊ စီးကရက်စက်ရုံတွေက စွန့်ထွက်ပစ္စည်းနဲ့ အခိုးအငွေ့တွေကြောင့် လေထုညစ်ညမ်းရာကနေ သဘာဝပတ်ဝန်းကျင်ရာသီဥတု ဖောက်ပြန် ပျက်စီးတာပဲ ဖြစ်နိုင်စရာ ရှိပါတယ်။

လက်ရှိ မြန်မာ့တပ်မတော်ဟာ ဒေသတွင်းသာမက ကမ္ဘာ့အလယ်မှာပါ အတော် နာမည်ဆိုးထွက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်နေတာကတော့ စိတ်မကောင်းစရာကိစ္စတခု ပါပဲ။ ရောက်တဲ့အရပ် တိုက်တဲ့စစ်ပွဲတိုင်းမှာ လူသတ်မှု၊ မုဒိမ်းမှု စွပ်စွဲချက်ပေါင်းများစွာ ထွက်ပေါ်လာသလို ရာသီဥတု ဖောက်ပြန်တာတောင် အစောက ပြောထားသလို အထင်လွဲခံနေရပါတယ်။ သတင်းနည်းပညာ တရှိန်ထိုး တိုးတက်ပြောင်းလဲလာနေတဲ့ ခေတ်ကြီးမှာ မြန်မာအစိုးရအနေနဲ့ ရှေးယခင်ကလို အမှောင်ချပြီး ထင်သလို လုပ်မရတော့တာကလည်း အဓိက အကြောင်းရင်းတရပ် ဖြစ်ပါလိမ့်မယ်။ သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေကို ပိတ်ပင်တားဆီးလို့ မရတော့တဲ့အတွက် မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုပြီး အစိုးရ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ကြွေးကြော်ခဲ့တာကို ကြားဖူးကြမှာပါ။ ကိုယ့်အပေါ် စွပ်စွဲလာတာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ဖြေရှင်းရမယ့်အစား တန်ပြန်ဝါဒဖြန့် ဖုံးဖိဖို့လောက် အာရုံစိုက် ကြိုးပမ်းနေလို့လည်း မြန်မာအစိုးရစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုအပေါ် သံသယ တိုးမြင့်လာစေပါတယ်။

ဘယ်လိုပဲဆိုဆို ဓာတုလက်နက်နဲ့ အတိုက်ခိုက်ခံရတယ်လို့ ယူဆရတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေသာ သတင်းဌာနတွေကို ပြောပြခဲ့သလို မူးဝေအော့အန်ခြင်း၊ အားအင်ပြတ်လတ်ခြင်း၊ နှာခေါင်းသွေးယိုစီးခြင်း၊ ဝမ်းအဆက်မပြတ်သွားခြင်း စတဲ့ဝေဒနာတွေ ခံစားခဲ့ရတာမှန်ရင် သူတို့ရဲ့ စွပ်စွဲချက်အတိုင်း ဖြစ်ဖို့ရာက ရာခိုင်နှူန်း အတော်များနေပါတယ်။ ဒါဟာ ရန်သူ့ တိုက်ပွဲဝင် စွမ်းရည်ကျဆင်းစေတဲ့ ဓာတုအဆိပ်ဓာတ်ငွေ့ တမျိုးရဲ့ဒဏ်ကြောင့် ဖြစ်နိုင်ပြီး အာရုံကြောကို ထိခိုက်စေနိုင်တဲ့ အပျော့စား ဓာတုအဆိပ်ပစ္စည်းတွေကို ထည့်သွင်း အသုံးပြုခဲ့ပုံရပါတယ်။ ခဲယမ်းတွေမှာ ပါဝင်တဲ့ ယမ်းရဲ့ ပင်ကိုသဘောသဘာဝကိုက အဆိပ်အတောက် ဖြစ်စေတဲ့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာတောင် စက်ရုံလုပ်သားတွေကို အန္တရာယ်ဖြစ်စေနိုင်တာ အမှန်ပါပဲ။ ဒါပေမဲ့ သူပုန်တပ်ဖွဲ့ဝင်တွေက ယမ်းထုပ်မီးရှို့ပြီး နှာခေါင်းဝမှာ တေ့ရှုခဲ့တာ မဟုတ်ပါဘူး။

စစ်မြေပြင်မှာ မလှမ်းမကမ်းမှာ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်က ထွက်တဲ့ အခိုးအငွေ့တွေကို လှုပ်ရှားမှုရှိတဲ့ ပတ်ဝန်းကျင်လေထုထဲကနေ တဆင့် အနည်းအကျဉ်း ရှူရှိုက်မိရုံမျှနဲ့ ဒုက္ခများကြရတာ ဖြစ်ပါတယ်။ ရိုးရိုးသာမန် ယမ်းခိုးယမ်းငွေ့တွေ ဆိုရင် လေထုထဲမှာတင် အာနိသင်ပြယ်ပြီး အခုလောက် ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး။

ဆက်လက်ဖော်ပြပါမည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013