Home
ဆောင်းပါး
ပြည်သူကဦးဆောင် ပြည်သူတည်ထောင်‌နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်
DVB
·
May 3, 2024

ကမ္ဘာပေါ်မှာ ခေတ်ပြောင်းတော်လှန်ရေးများစွာ ပေါ်ထွန်းခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးလို ပြည်သူလူထုကိုယ်တိုင် ခေါင်းဆောင်ပြီး နှစ်ရှည်လများစွာ အသက်ဘဝတွေ ပုံအောပေးဆပ်ရင်းနှီးပြီး ဇွဲလုံ့လကြီးမားစွာနဲ့ မဆုတ်မနှစ် ကြီးမြတ်ဂုဏ်ပြောင်စွာ တိုက်ပွဲဝင်တဲ့ ခေတ်ပြောင်းတော်လှန်ရေးမျိုးဆိုတာ သမိုင်းမှာ မပေါ်ထွန်းခဲ့ဖူးသေးပါဘူး။

လက်နက်ရှိရင် နိုင်ငံအပေါ် ဗိုလ်ကျလို့ရတယ်လို့ အထင်ရှိတဲ့ အကျင့်ဆိုးနဲ့ စစ်ဓားပြအုပ်စုဟာ တိုင်းပြည်အာဏာကို လုယူပြီး နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း၊ ဆန်ကျင်တဲ့လူတွေကို သေနတ်နဲ့ပစ်ခတ် ရက်စက်လိုက်ရင် သူတို့ အရင်အခါလို အုပ်ချုပ်လို့ရပြီလို့ တွက်ကိန်းမှားခဲ့ကြပါတယ်။

စစ်ဓားပြတွေဟာ ပြည်သူကို အထင်သေးခဲ့ကြပုံရပါတယ်။ လူထုခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်လိုက်ရင် ပြည်သူတွေ ဘာမှမလုပ်တတ် မကိုင်တတ်ဘဲ သူတို့ပြုသမျှ နုရမှာလို့ အထင်ရောက်ခဲ့တာဟာ စစ်အာဏာရှင်စနစ်ကို ပျက်သုဉ်းစေမယ့် ပထမအမှားကြီးပဲ ဖြစ်ပါတယ်။ NLD ပြည်သူ့အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ထိတွေ့ခံစားခဲ့ရတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအရသာကို သိရှိကြုံတွေ့ခဲ့ရတဲ့အပြင် နည်းပညာတွေ တိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးအတွင်း ကြီးပြင်းလာတဲ့ မျိုးဆက်သစ် လူငယ်တွေ ဆန္ဒနဲ့ အိပ်မက်တွေကို မဆင်မခြင် နင်းချေဖျက်ဆီးခဲ့တာဟာ ဒုတိယအမှားကြီးပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း အာဏာလုခံရတာ ၃ နှစ်ကျော်လာတဲ့ ဒီကနေ့အချိန်ထိ တနေ့တရက်မှ မပျက်ကွက်ဘဲ သိတတ်နားလည်တဲ့ တိုင်းရင်းသား မိဘပြည်သူတွေ၊ ဂျန်ဇီတွေ အပါအဝင် မျိုးဆက်ပေါင်းစုံက လူငယ်လူရွယ်တွေဟာ မတရားမှုကို သံမဏိစိတ်ဓာတ်နဲ့ အားခွန်အပြည့် ဝိုင်းဝန်းဆန့်ကျင် ကြိုးပမ်းနေကြတာမို့ စစ်မကောင်းဆိုးဝါးတွေ အုပ်ချုပ်ခွင့်မရရုံသာမက တနေ့တခြား အင်အားချည့်နဲ့ ယိမ်းယိုင်လာနေတာကို ကမ္ဘာ့နိုင်ငံများကပါ သိရှိမြင်တွေ့ အံအားသင့်လာကြရတာ ဖြစ်ပါတယ်။

အတွေးအခေါ်၊ အသိတရား မှန်ကန်ရုံသာမက လက်တွေ့ရပ်တည်ချက်ပါ မှန်ကန်ရဲရင့်တဲ့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို တွဲတိုင်းမှာ ခေါင်းတွဲပါတယ်ဆိုတာ အလွန်မှန်ကန်လှပါတယ်။ ပြည်သူက ပြည်သူကို ထူ၊ ပြည်သူက ပြည်သူကို ထူလို့ ဖေး‌မကူညီလို့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ချေမှုန်းနေကြတာ တနေ့တခြား အောင်ပွဲနီးကပ်လာနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ သင်ရိုးသစ် ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူ့ဆန္ဒကို အမှန်အတိုင်း သိရှိနားလည်ပြီး ပြည်သူကို ဗဟိုပြုဖို့ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့သူတိုင်း ကျေညက်စွာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ပြည်သူ့ဆန္ဒကို သိအောင်မကြိုးစားဘူး၊ သိပေမဲ့လည်း ကိုယ့်အတ္တ အယူအဆကိုသာ အမှန်လို့ယူပြီး ပြည်သူကိုမလေးစားတဲ့ ပြည်သူကို ဗဟိုမပြုတဲ့ အဖွဲ့အစည်းတိုင်းမှာ ပြည်သူလူထုရဲ့ ကျောခိုင်းစွန့်ခွာမှုခံရပြီး သမိုင်းအမှိုက်ပုံထဲ ပြုတ်ကျကျန်ရစ်လို့ ပုပ်သိုးပျောက်ကွယ်သွားကြတဲ့ လူပုဂ္ဂိုလ်၊ ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တော်လှန်‌ရေးသမိုင်းခရီးတ‌လျှောက် ထုနဲ့ထေး ရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ နှစ်ပေါင်းများစွာ ဗိုလ်ကျခဲ့ရာက သိပ်မဝေးတော့တဲ့ ကာလတခုမှာ အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားစေတဲ့ အချက်ဟာလည်း စစ်ဓားပြဂိုဏ်းဟာ ပြည်သူ့ဆန္ဒကို မလေးစားခြင်း၊ အသိအမှတ်မပြုခြင်း၊ ပြည်သူကို ဗဟိုမပြုခြင်း ဆိုတဲ့ အချက်ကြီးပါပဲ။ စစ်အာဏာရှင်တွေဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပြည်သူလူထူ့ရဲ့ဆန္ဒ အကြိမ်ကြိမ်စော်ကားလို့ ပစ်ပယ်ခဲ့ကြတာ အားလုံးအသိဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို လက်မခံဘူးဆိုတဲ့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခဲ့ကြတဲ့ လူထုအရေးတော်ပုံကြီးတွေ သတိပေးခဲ့ကြပါတယ်။

ဒါပေမဲ့ မိုက်မဲရမ်းကားတဲ့ စစ်မကောင်းဆိုးဝါးတအုပ်ဟာ အာဏာရမ္မက် ငမ်းငမ်းတက်ပြီး သူတို့ရဲ့ အခွင့်ထူးခံခွင့်ကို လက်မလွှတ်ချင်ကြတာမို့ ပြည်သူကပေးလာတဲ့ အခွင့်အရေးတွေကို အကြိမ်ကြိမ် မျက်ကွယ်ပြုပြီး ဆက်လက်မိုက်မဲခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာလုယူခါစက ငြိမ်းချမ်းစွာ လက်နက်မပါဘဲ လမ်းမတွေပေါ်တက်ပြီး ဆန္ဒပြလို့ ပြည်သူကပေးအပ်ခဲ့တဲ့ အခွင့်အရေးကို လက်လွှတ်ခံပြီး ပြည်သူ့လူထုရဲ့ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်ခဲ့ကြတာဟာ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခဲ့သလို စစ်အာဏာရှင်စနစ် ပြိုကျစေမယ့် မောင်းခလုတ်ကို ဆွဲခဲ့ကြတာနဲ့ အတူတူပါပဲ။

အခုထိလည်း စစ်မကောင်းဆိုးဝါးတွေဟာ သူတို့ရဲ့ နောက်ဆုံးထွက်သက်မှာကို ရေနစ်သူ ကောက်ရိုးမျှင်ကိုဆွဲသလို အဖတ်ဆယ်မရအောင် များပြားလွန်းတဲ့ စစ်အင်အားပြုန်းတီးမှု အတွက် စစ်မှုထမ်းဥပဒေကို ပြည်သူအလိုမတူဘဲ အသက်သွင်းလို့ လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ဖမ်းဆီးနေသလို အရန်တပ်ဖွဲ့ဥပဒေနဲ့ စစ်မှုထမ်းဟောင်းတွေကို ၆၇ နှစ်အထိ တာဝန်ထမ်းဆောင်ခိုင်းပြီး လိုအပ်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ၅ နှစ်ထက်ပိုပြီး ခိုင်းစေမယ့် ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က လျှို့ဝှက်ထုတ်ပြန်ပြီး နောက်ထပ်အမှားကို ကျူးလွန်ခဲ့ပြန်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အလုံးစုံဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ဆောက်လိုတဲ့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးရဲ့ဆန္ဒ ငရဲမီးလျှံပမာ တောက်လောင်နေပါပြီ။ ပြည်သူလူထုဆန္ဒကို ဘယ်အရာမျိုးကမှ မတားဆီးနိုင်တော့ပါဘူး။ နှစ်ရှည်လများစွာ အစားပြန်မရနိုင်တဲ့ အသက်ဘဝတွေ၊ အိုးအိမ်စည်းစိမ်တွေ အပျက်ခံ ပုံအောပေးဆပ်ရင်းနှီးပြီး ဇွဲနပဲကြီးမားစွာနဲ့ ၃ နှစ်တိုင်တိုင် မဆုတ်မနစ် ကြီးမြတ်ဂုဏ်ပြောင်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အကျိုးရလဒ်တွေဟာ ထင်ရှားသထက် ထင်ရှားလာခဲ့ပါပြီ။

အခုချိန်အခါမှာတော့ အရာရာဟာ စစ်မိစ္ဆာအုပ်စုအတွက် နောက်ကျခဲ့ပါပြီ။ လူထုခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပေမဲ့လည်း ဖက်ဆစ်စစ်တပ် ဆန့်ကျင်ချေမှုန်းရေး တိုက်ပွဲအသီးသီးမှာ ပြည်သူ‌တွေကိုယ်တိုင် ဦးဆောင်ပြီး ကျရာအခန်းမှာ တာဝန်ယူလို့ ပြည်သူတွေရဲ့ အားမာန်အပြည့်နဲ့ တည်ထောင်‌နေကြတဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ တနေ့တခြား ကြီးမားသထက် ကြီးမားလာခဲ့တာမို့ မကြာခင် လဲပြိုတော့မယ့် စစ်အာဏာရှင် အဆိပ်ပင်ကြီးနဲ့အတူ စစ်မကောင်းဆိုးဝါး အသူရာတွေ ဘုံပျောက်ကြရမှာ မုချဧကန် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024