ရေးမြို့နယ် ပင်လယ်ပြင်၌ လူသတ်မှု ဖြစ်ပွား
DVB
·
December 2, 2016
မွန်ပြည်နယ် ရေးမြို့နယ် ပင်လယ်ပြင်မှာ ကျားဖောင်ငါးဖမ်းလုပ်သားနဲ့ ဦးစီးတို့ စကားများရာက မနေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရေးမြို့နယ် အနောက်ဘက်ကပ္ပလီပင်လယ်ပြင် ငှက်ပျောကျွန်းအနီး ပင်လယ်ပြင် ရေမိုင် ၃၀ လောက်အကွာ ငါးဖမ်းကျားဖောင်ပေါ်မှာ ကျားဖောင်ဦးစီး သန်းမျိုးဦး (၂၂) နှစ် ကျားဖောင်ပေါ်ရှိ တဲအတွင်း အိပ်ပျော်နေစဉ် ကျားဖောင် လုပ်သား စိုးသူရ (၃၈) နှစ်က လည်ပင်းကို ဓားနဲ့ ၂ ချက် ဆင့်ထိုးလို့ နေရာမှာ သေဆုံးခဲ့တာလို့ အမှုစစ်ရဲအရာရှိ ရေးမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး မင်းဆွေက ပြောပါတယ်။
“ဒီဇင်ဘာ ၁ ရက်နေ့ ကပ္ပလီပင်လယ်ပြင်မှာ မွန်းလွဲ ၁ နာရီအချိန်ကျော်လောက်က ဖောင်ဦးစီးသန်းမျိုးဦးရယ်၊ ရေလုပ်သား ရဲနိုင်၊ စိုးသူရတို့ အတူတူအလုပ်လုပ်ကိုင်နေရာမှ အရင်က ဆဲဆိုကြိမ်းမောင်းပြီး ရိုက်နှက်မှုကိုမကျေနပ်လို့ သန်းမျိုးဦးအိပ်ပျော်နေချိန် စိုးသူရမှ ငါးခွဲဓားနဲ့ လည်ပင်းကို ၄/၅ ချက်လောက် ထိုးသတ်ခဲ့ပါတယ်။ တရားခံကို ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ ဖောင်လုပ်သားတွေနဲ့ ငါးပေါင်းလှေအဖွဲ့တို့ ပူးပေါင်းပြီး အလောင်းနဲ့ သက်သေခံပစ္စည်းတွေပါ သယ်ဆောင်လာပြီး ရေးရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။”
ကျားဖောင်အနီး ငါးပေါင်းစက်လှေပေါ်မှာ ရှိနေတဲ့ သက်သေတွေနဲ့အတူ အလောင်းကို ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁ နာရီ ၅ မိနစ်အချိန်က ပတ္တမြားတန်း ဆိပ်ကမ်းသို့ တင်ဆောင် လာရာမှ အမှုစစ်ရဲအရာရှိရဲ့ စစ်ဆေးတွေ့ရှိချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိုးသူရကို ရေးမြို့မရဲစခန်းက ရာဇာသတ်ကြီး ပုဒ်မ-၃၀၂ အမှုကြီးနှစ်စဉ်အမှတ် (၉/၂၀၁၆) အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ်