အင်းတော်မြို့နယ်တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ညောင်ပင်သာကျေးရွာမှာ ဘိန်းဖြူနဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားတွေကို မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ မတ်လ ၂၀ ရက်ညနေ ၅ နာရီခွဲအချိန် အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်သောင်းစိန်ထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ သတင်းအရ အင်းတော်မြို့နယ် ညောင်ပင်သာကျေးရွာနေ တင်မျိုးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာ အိမ်ရှင်တင်မျိုးနဲ့အတူ ထွန်းထွန်းလှိုင်တို့   ထွက်ပြေးတာ ကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ထွန်းထွန်းလှိုင်မှ ထွက်ပြေးစဉ် လွင့်ပစ်လိုက်တဲ့ ဘိန်းဖြူမှုန့် ထည့်ထားတဲ့ အလေးချိန် (၀ ဒသမ ၁) ဂရမ်ခန့်ပါ ပင်နယ်စလင်ပုလင်း ၁ လုံးကို မြေကြီးပေါ်မှာ တွေ့ရှိခဲ့ပါတယ်။ အိမ်ရှင်တင်မျိုး ထွက်ပြေးစဉ်လွင့်ပစ်လိုက်တဲ့  ကချင်လွယ်အိတ်အတွင်းက ကြွပ်ကြွပ်အိတ် အမဲနဲ့ထုပ်ထားတဲ့  စိတ်ကြွရူးသွပ်ဆေးပြား  ၆၅၀ ပြား ကာလတန်ဘိုး ၃,၂၅၀,၀၀၀ ကျပ်ခန့်ကို  နေအိမ်ဝင်း ခေါင်းရင်မြေကြီးပေါ်က တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးတွေနဲ့အတူ တွေ့ရှိသူ တောင်သူမန်လည်ကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ထွန်းထွန်းလှိုင်နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အင်းတော်မြို့နယ် ညောင်ပင်သာရွာနေ အသက် ၄၀ အရွယ် တင်မျိုးတို့ကို အင်းတော်မြို့မရဲစခန်းမှ မယ(ပ)၁၆/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)

More News
Up